ရန်ကုန် ၉ မတ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက ရွှေပြားသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီးဒေါ်မြင့်မြင့်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဇနီး ဒေါ်သစ်သစ်အောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကပ်လှူပူဇော်မည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းသည့် ၆ ကျပ်သားရွှေပြားသင်္ကန်း ၃ ချပ်၊ စက်မှုဝန်ကြီးဌာနက လှူဒါန်းသည့် ၆ ကျပ်သားရွှေပြားသင်္ကန်း ၃ ချပ်တို့အား စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဝင်းနိုင်ထံ ပေးအပ်လှူဒါန်းပြီး ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ တက်ရောက်လာကြသူများက ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဆက်ကပ်လှူဒါန်းမည့် ရွှေပြားသင်္ကန်းတော်များကို မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြသည်။
(သတင်းစဉ်)


