နေပြည်တော် နိုဝင်ဘာ ၄

 

ရှေ့တန်း စစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ နံနက်ပိုင်းတွင် နယ်မြေခံတပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက အောင်သပြေခက်ကမ်း၍ ပန်းကုံးစွပ်ပြီး အိုးစည်ဒိုးပတ်၊ အတီး အမှုတ် အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

 

ထို့နောက် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုတွေ့ဆုံပွဲကို ဘားအံမြို့ နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်တို့သည် အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများနှင့်အတူ ဂုဏ်ပြု နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

 

အလားတူ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင်လည်း ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီ ရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေခက်ကမ်း၍ ပန်းကုံးစွပ်ပြီး အိုးစည်ဒိုးပတ်၊ အတီးအမှုတ် အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်