မာန်အောင် ၁၃ မတ် 


ရခိုင်ပြည်နယ်၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် မာန်အောင်မြို့နယ်သို့ ရောက်ရှိပြီး ခအုန်းမော်ကမ်းခြေတွင် မာန်အောင်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ကျောက်ဖြူအခြေစိုက် POSCO DAEWOO ကုမ္ပဏီက တည်ဆောက်လျှက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှု အခြေအနေနှင့် ခအုန်းမော်ကမ်းခြေဇက်ဆိပ် တည်ဆောက်နိုင်မည့် အခြေအနေကို သွားရောက်စစ်ဆေး ကြည့်ရှုခဲ့သည်။


ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် မျှော်တော်ဦးကျေးရွာ၌ ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မျှော်တော်ဦးဘုရားနှင့် ပြားကြီးကျေးရွာအကြား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီရေထိန်းနံရံ အလျား ၅၅၀-ပေ ဆောင်ရွက်နေသော လုပ်ငန်းစီမံကိန်းအား သွားရောက်ကြည့်ရှုခဲ့သည်။

 

1


ယင်းနောက်ဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မာန်အောင်ကျွန်းပတ် ခရီးစဉ်ထွက်ခွာပြီး ဇီးတောကျေးရွာအုန်းဆံစက်ရုံ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ပန်းဖဲတံတား တည်ဆောက်နေမှုကိုလည်းကောင်း၊ မကျည်းကုန်းကျေးရွာတွင် ရေထိန်းရေကာတာဆောက်လုပ်နေမှုကိုလည်းကောင်း၊ မိမ္မကြွယ်ကျေးရွာကြားနှင့် ကအီးကျေးရွာအကြားရှိ မာန်အောင်အများပိုင် ကုမ္ပဏီမှ တည်ဆောက်နေသော ဟိုတည်ဇုံတည်ဆောက်နေမှုကိုလည်းကောင်း၊ကမားကျေးရွာပင်လယ် ကမ်းခြေဒီရေလှိုင်းကာ ပြုလုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

1


ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်တွင် သိမ်ကုန်းကျေးကျေးရွာနှင့် ဆင်နားချောင်ကျေးရွာဆက်သွယ်ထားသော တံတားအား ကွန်ကရစ်တံတား တည်ဆောက်နိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးပြီး မြို့သစ်ရပ်ကွက်ရှိ အမှိုက်ပုံနေရာနှင့် မြေအနေအထားအရ ဝန်ထမ်းအိမ်ရာ တည်ဆောက်နိုင်မည့် အခြေအနေများကိုကြည့်ရှုခဲ့ကြောင်း သိရသည်။


သိန်းဖေ(ပြန်/ဆက်)