နေပြည်တော် ၁၃ မတ်
ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များတွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး အာဆီယံအတွင်းရေးမှူးချုပ်ရုံး သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူး ရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သဘောတူညီချက်အရ လိုအပ်ချက်များကို လေ့လာဆန်းစစ်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် ၁၀ ဦးပါဝင်သည့် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့ (ASEAN ERAT) သည် မတ် ၅ ရက်က နေပြည်တော်၌ အဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအတွက် သင်တန်းပို့ချပေးခြင်းကို ဆောင်ရွက်ပြီး မတ် ၆ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ၊ UEHRD စီမံကိန်း များအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံ စိတ်ချပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများ သိရှိနိုင်ရန်သတင်း ပြန်ကြားဆက်သွယ်ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြန်လည်လက်ခံရေးအတွက် ဆက်စပ် ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ASEAN ERAT အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မတ် ၇ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ယင်းနောက် မတ် ၈ ရက်မှ ၁၀ ရက်အထိ မောင်တောမြို့ လှဖိုးခေါင်ကြားစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် ပြန်လည်နေရာချထားပေးမည့် ကျေးရွာများတွင် ကနဦး လိုအပ်ချက်ဆန်းစစ်လေ့လာမှုများကို ကွင်းဆင်းဆောင်ရွက်ကြသည်။
ကွင်းဆင်းဆန်းစစ်သည့် ကာလအတွင်း ASEAN ERAT အဖွဲ့ဝင်များသည် ပြန်လည် ဝင်ရောက်လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့စမ်းသပ် ဆောင်ရွက်ခြင်း၊ စခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမေးမြန်းခြင်း၊ စခန်းအတွင်းရှိ အခြေခံအဆောက်အဦများ၊ လုံခြုံရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စားသောက် နေထိုင်ရေး၊ နိုင်ငံသားစိစစ်ခံရမည့်သူများအတွက် သက်သေခံကဒ်ပြားထုတ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ လူမှုသဟဇာတဖြစ်စေရေးအတွက် စီစဉ် ဆောင်ရွက်ထားမှုများနှင့် သံတမန်ရေးရာများကို ဆန်းစစ်လေ့လာကြသည့်အပြင် မောင်တော ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အစီအမံများကို မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ပြန်လည်နေရာချထားပေးမည့် ကျေးရွာများရှိ ဒေသခံများ နှင့်တွေ့ဆုံ၍ သိရှိလိုသည်များက မေးမြန်းကြပြီး ပြန်လည်နေရာချထားမည့် ကျေးရွာများတွင် UEHRD နှင့် အလှူရှင်နိုင်ငံများ၏ အကူအညီများဖြင့် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ နေအိမ်များကို လေ့လာကြသည်။
အဆိုပါအဖွဲ့သည် မတ် ၁၁ ရက်တွင် စစ်တွေမြို့၌ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု နှင့်တွေ့ဆုံပြီး ဆန်းစစ်တွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။
ASEAN ERAT အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများထံ ဆန်းစစ်တွေ့ရှိချက်များကို ပြန်လည် တင်ပြဆွေးနွေးပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်တင်ပြကာ ဆက်လက်ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


