တောင်ကြီး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်းအချင်းချင်း ပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်း ရန်ပုံငွေတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနနှင့် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်နှင့် ပင်းတယမြို့နယ် သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် သမဝါယမအသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးစပါးစီမံကိန်း (သက်တန့်ရောင်စီမံကိန်း)မှ မိုးစပါးစိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ် သမဝါယမအသင်းများက စိုက်ပျိုးထားသော ရွှေရင်အေး၊ ရွှေအပ်စပါးမျိုးစိုက် ဧက ၇၀၀၊ ညောင်ရွှေမြို့နယ်က ရွှေရင်အေးနှင့် ရွှေအပ်စပါးမျိုး စိုက်ဧက ၃၈၀ နှင့် ကလောမြို့နယ်က ရွှေရင်အေးနှင့် ရွှေအပ်စပါးမျိုး စိုက်ဧက ၃၅၀ တို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှမ်းပြည်နယ်အနေဖြင့် မိုးစပါးစီမံကိန်းအား မြို့နယ် ၁၄ မြို့နယ်ရှိ သမဝါယမအသင်း ၃၄ သင်းမှ မိုးစပါးစိုက်ဧက ၅၀၉၆ ဒသမ ၅ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


