တောင်ကြီး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၃၀ ရက်တွင် မောက်မယ်မြို့နယ် မိုင်းပုတ်ကျေးရွာအုပ်စု ခိုဆိုင်းကျေးရွာရှိ မိုးစပါးစီမံကိန်း (သက်တံ့ရောင် စီမံကိန်း) သီးနှံစိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ခိုဆိုင်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မောက်မယ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
လမ်းညွှန်မှာကြား
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မိုးနဲမြို့၊ မောက်မယ်မြို့နှင့် နမ့်စန်(တ)မြို့နယ်တို့ရှိ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် တွေ့ဆုံ၍ သမဝါယမကဏ္ဍမှဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း) များကို လျာထားချက်အတိုင်း စိုက်ပျိုးဆောင်ရွက်ကြရန်၊ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


