၃  မတ်

အေးမြသောရာသီဥတုနှင့်အတူ တောတောင်သဘာဝ ရှုခင်းများကြောင့် အလွန်သာယာလှပသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသို့ သီပေါမြို့မှတစ်ဆင့် ကားဖြင့် သွားရောက်ခဲ့ရာ လမ်းများက အထူးကောင်းမွန်သဖြင့် ယခင်ကကဲ့သို့အချိန် အလွန်ကြာမြင့်စွာ မမောင်းနှင်ရဘဲ မူဆယ်မြို့သို့ ရောက်ရှိခဲ့သည်။ မိမိတို့အဖွဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိချိန်သည် ဆောင်းရာသီကုန်လုနီး ဖြစ်သဖြင့် အလွန်အေးချမ်းခြင်းမရှိချေ။

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အကြီးဆုံးဖြစ်သည့် ရှမ်းပြည်နယ်သည် ဧရိယာ ၆၀၁၅၅ ဒသမ ၂ စတုရန်းမိုင် ကျယ်ဝန်း၍ တြိဂံပုံတည်ရှိနေသည့် ရှမ်းပြည်နယ်ကို အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟု ပိုင်းခြားထားရာ ပြည်နယ်၏ မြို့တော်သည် တောင်ကြီး၊ ပြည်နယ်မြောက်ပိုင်း မြို့တော်သည် လားရှိုးနှင့် ပြည်နယ် အရှေ့ပိုင်းမြို့တော်သည် ကျိုင်းတုံဖြစ်သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်က ထုတ်ပြန်သည့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်အရ ရှမ်းပြည်နယ်တွင် ခရိုင် ၁၃ ခု၊ မြို့နယ် ၅၅ ခု၊ မြို့ ၈၅ မြို့၊ ရပ်ကွက် ၅၀၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၆၆ အုပ်စုနှင့်ကျေးရွာ ၁၄၃၃၄ ရွာ ရှိသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၌ ခရိုင် ခုနစ်ခုနှင့် မြို့နယ် ၂၄ ခု ရှိသည့်အနက် မူဆယ်ခရိုင်ထဲတွင် မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့ပါဝင်သည်။

မြန်မာနိုင်ငံ အရှေ့မြောက်ဖျားသို့

ရှမ်းပြည်နယ် မြောက်ဘက်အစွန်တွင် တည်ရှိသည့် မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဖျားဒေသ ဖြစ်ကာ ရန်ကုန်မြို့မှ မော်တော်ကားလမ်းအတိုင်း ကီလို မီတာ ၁၀၆၀ ကွာဝေးသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ထားသည့် မူဆယ်မြို့သို့ မန္တလေး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များကို ဖြတ်သန်းသွားရပြီး ရန်ကုန်မှ လားရှိုးသို့ ၈၈၇ ကီလိုမီတာ၊ လားရှိုးမှ ကွတ်ခိုင် သို့ ၇၅ ကီလိုမီတာနှင့် ကွတ်ခိုင်မှ မူဆယ်သို့ ၉၈ ကီလို မီတာ မောင်းနှင်ရပေသည်။

ဒေသသမိုင်းအကျဉ်းအရ ယခု မူဆယ်မြို့တည်နေရာ သည် မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်အထိ ဆူးပင်နှင့်ချုံများ ကျိုးတိုးကျဲတဲပေါက်နေသည့် တောင်ကုန်းတောင်စွယ် တစ်ခုအဖြစ် တည်ရှိခဲ့သည်။ ယင်းနေရာ၏ တောင်ဘက်ရှိ နမ့်လိုင်နှင့် မန့်ဟန်၊ အရှေ့ဘက်ရှိ နမ့်ခုတ်နှင့် နမ့်ပန် ကျေးရွာတို့တွင် နေထိုင်ကြသူများသည် မိုင်းမော(ရွှေလီ)ဈေးသို့သွားရာတွင် ယင်းနေရာ၌ ခရီးတစ်ထောက်နားလေ့ ရှိခဲ့ကြသည်။ ထို့ကြောင့် ယင်းနေရာမှ အနောက်ဘက်ရှိ ကောင်းဟိုခမ်းရွာမှ ခွန်ပန်ခမ်းအမည်ရှိ စော်ဘွားနွယ် တစ်ဦးသည် မုံးကိုး၊ မိုင်းမော၊ ဟတ်တင်၊ ဈေးစွန် အနီး တစ်ဝိုက်မှလူများကို စည်းရုံး၍ ယခုမူဆယ်မြို့ တောင်ရပ် ကွက်ရှိ ပရိတ်စင်အနီးဝန်းကျင်၌ ရွာတစ်ရွာကို ထူထောင် ခဲ့ရာ အိမ်ရှစ်လုံးရှိခဲ့သည်။ (ယခုအခါ မူဆယ်မြို့ တောင် ရပ်ကွက်တွင် အိမ်ထောင်စု ၁၇၃၇ စုရှိ၍ လူဦးရေ ၈၃၈၈ ဦး နေထိုင်လျက်ရှိသည်။)

ယင်းနေရာ၌ အိမ်ခြေ တိုးတက်များပြား၍ စည်ကား လာချိန်တွင် ခွန်ပန်ခမ်းကို မြို့စားအဖြစ် တင်မြှောက်၍ ကျေးရွာကို မူစယ်ဟု အမည်ပေးခဲ့သည်။ ရှမ်းဘာသာစကား မူစယ်သည် စည်ကားသောမြို့ဟု အဓိပ္ပာယ်ရှိကာ ကာလ ကြာမြင့်ချိန်ဝယ် မူစယ်မှ မူဆယ်သို့ ပြောင်းလဲခဲ့သည်။

လက်ရှိ မူဆယ်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၂ မိုင်၊ တောင်မှ မြောက်သို့ ၂၆ မိုင် ရှည်လျား၍ ၅၈၀ ဒသမ ၅၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ မူဆယ်မြို့နယ် သည် အရှေ့ဘက်နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်၊ တောင်ဘက်တွင် ကွတ်ခိုင်မြို့နယ်နှင့် နယ်နိမိတ်ထိဆက်နေသည်။ မူဆယ် မြို့နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ဝမ်တိန်၊ မန်ဟိုင်း၊ ကျယ်ဂေါင်မြို့တို့ ထိဆက်နေသည့် နယ်စပ်မျဉ်းသည် ၆၂ ဒသမ ၁၁ မိုင် ရှည်လျားသည်။

တောင်ကုန်းတောင်တန်းပေါများသည့် မူဆယ်မြို့နယ် တွင် စီစီဝမ်တာပန်တောင်တန်း၊ ပန်လုံတောင်တန်းနှင့် လွယ်တန်ပန်တောင်တန်းတို့သည် အထူးထင်ရှား၍ ရွှေလီ မြစ်သည် မူဆယ်မြို့နယ်အတွင်း၌ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၇၀၀ မြင့်သည့် မူဆယ်မြို့နယ်၏ အပူချိန်သည် ၅ ဒီဂရီ စင်တီဂရိတ်နှင့် ၃၅ ဒီဂရီ စင်တီဂရိတ်အကြားတွင်ရှိ၍ လွန်ခဲ့သည့် ခြောက်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၈၄ လက်မ ရွာသွန်းခဲ့သည်။

မူဆယ်မြို့နယ်ကို မြို့လေးမြို့(မူဆယ်၊ မုံးကိုး၊ မန့် ဟီးရိုးနှင့် ပန်ဆိုင်း)၊ ရပ်ကွက် ၂၄ ခု၊ ကျေးရွာ အုပ်စု ၅၂ အုပ်စု၊ ကျေးရွာ ၂၈၀ ဖြင့် ဖွဲ့စည်းထားကာ မြို့နယ်လူဦးရေ ၁၅၂၉၁၁ ဦးအနက် ရှမ်းလူမျိုးများက ၃၉ ဒသမ ၂၅ ရာခိုင် နှုန်း(၆၀၀၂၅ ဦး)ရှိသဖြင့် အများဆုံးဖြစ်သည်။ မြို့နယ် လူဦးရေ၏ ၆၈ ဒသမ ၅၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ၁၇ ဒသမ ၄၆ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာ ကို ကိုးကွယ်ကြသည်။

စီးပွားရေးဖွံ့ဖြိုးကောင်းမွန်သည့် မူဆယ်မြို့နယ်တွင် နေထိုင်ကြသည့်ပြည်သူများသည် ဝန်ဆောင်မှုနှင့် စိုက်ပျိုး ရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြပြီး အစေ့ထုတ် ပြောင်းကို အများဆုံးစိုက်ပျိုးကာ ကျယ်ဂေါင်သို့ တင်ပို့ ရောင်းချကြသည်။ စပါး၊ မြေပဲ၊ ကြံနှင့် နှစ်ရှည်သီးနှံပင် အချို့ကိုလည်း စိုက်ပျိုးထုတ်လုပ်ကြသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်က မူဆယ်မြို့နယ်၏ ဆန်ဖူလုံမှုသည် ၁၁၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။

မူဆယ်မြို့နယ်၌ အထက်တန်းကျောင်း ခုနစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ ငါးကျောင်း၊ အလယ်တန်းနှင့် အလယ်တန်းကျောင်းခွဲ ငါးကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၆၅ ကျောင်းရှိသည်။ ခုတင် ၁၀၀ ဆံ့ မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ အစိုးရဆေးရုံ လေးရုံ၊ ဆေးပေးခန်း နှစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခု ဖွင့်လှစ်ထားသည်။

မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ မဟာသန္တိသုခ ရပ်တော်မူ ဘုရားနှင့် သဗ္ဗညုစုမ့်မိုင်းစေတီ၊ တောင်ရပ်ကွက်ရှိ ရွှေ သမင်စေတီ၊ မုံးကိုးမြို့ရှိ ရတနာမုနိစေတီနှင့် မန့်ဟီးရိုး မြို့ရှိ ရန်တိုင်းအောင်စေတီတို့သည် မူဆယ်မြို့နယ်၏ ထင်ရှားသော ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက် အအုံများဖြစ်ကြသည်။

မူဆယ်မြို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံအနှံ့မှ လာရောက်ကြသူများဖြင့် စည်ကား လျက်ရှိပြီး ရောက်ရှိလာသူများတည်းခိုနိုင်ရန် ပုဂ္ဂလိကပိုင် ဟိုတယ် ၁၁ လုံး(အခန်းပေါင်း ၄၈၂ ခန်း)၊ မိုတယ် တစ်လုံး နှင့် တည်းခိုခန်း ၆၅ ခန်း ဖွင့်လှစ်ထားသည်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကြောင့် မူဆယ်မြို့သို့သွားသည့်လမ်းတစ်လျှောက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ကုန်သွယ်သည့် ပို့ကုန်သွင်းကုန် မော်တော်ယာဉ်များကို မြင်တွေ့ကြရပေသည်။

နမ့်ခမ်းသို့

မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ်သည် မူဆယ် မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကြားတွင် တည်ရှိကာ မူဆယ် မြို့မှ အနောက်တောင်ဘက်သို့ ၃၂ ဒသမ ၄ ကီလိုမီတာနှင့် ကွတ်ခိုင်မြို့မှ အနောက်မြောက်ဘက်ယွန်းယွန်းသို့ ၈၇ ဒသမ ၆ ကီလိုမီတာ ကွာဝေးသည်။

ရွှေမှုန်များမျောပါလာလေ့ရှိသည့် နမ့်ခမ်းဖောင်ချောင်း သည် နမ့်ခမ်းမြို့နယ်အတွင်း တည်ရှိကာ ရွှေမှုန်ချောင်းဟု အဓိပ္ပာယ်ရသည်။ မြန်မာသက္ကရာဇ် ၁၁၀၇ ခုနှစ်တွင် နမ့်ခမ်းဖောင်ချောင်းဘေးတွင် ရွှေရည်ဟု အဓိပ္ပာယ်ရှိသည့် မန့်နမ့်ခမ်းရွာကို တည်ထောင်ခဲ့ပြီး ကုန်းဘောင်ဘုရင် စဉ့်ကူးမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၃၉ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့ပြီး ဦးပေါ်ဆီးကအုပ်ချုပ်၍ ဝိန်းနမ့်ခမ်း ဟု ခေါ်တွင်ခဲ့သည်။ ယင်းအချိန်မှစ၍ သီပေါမင်း ပါတော်မူ ချိန်အထိ နမ့်ခမ်းကို (ဟိန်)စော်ဘွားများက အုပ်ချုပ်ခဲ့ကာ ကိုလိုနီခေတ်တွင် သိန္နီစော်ဘွား လက်အောက်ခံမြို့အဖြစ် ထားရှိခဲ့သည်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနက နမ့်ခမ်းမြို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများ ကို သတ်မှတ်ခဲ့ကာ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် နမ့်ခမ်းမြို့နယ်ကို ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၄၃ စု၊ ကျေးရွာ ၁၇၄ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ဧရိယာ ၄၆၆ ဒသမ ၈၅ စတုရန်းမိုင် ကျယ်ဝန်းသည့် နမ့်ခမ်းမြို့နယ်သည် အရှေ့ဘက်တွင် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်၊ အနောက်ဘက်တွင် ကချင်ပြည်နယ် မန်စီ မြို့နယ်၊ တောင်ဘက်တွင် မန်တုံမြို့နယ်နှင့်မြောက်ဘက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ထိဆက် နေသည်။ နမ့်ခမ်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ ၂၄၈၉ ပေမြင့်၍ မြိုနယ်၏ အမြင့်ဆုံးနေရာ သည် ၇၇၄၁ ပေမြင့်သည့် ပန်မောင်းတောင်ဖြစ်သည်။

နမ့်ခမ်းမြို့နယ်၏အပူချိန်သည် ငါး ဒီဂရီစင်တီဂရိတ် နှင့် ၃၇ ဒီဂရီ စင်တီဂရီတ်အကြားဖြစ်၍ မုတ်သုန်ရာသီဥတု ရှိသဖြင့် လွန်ခဲ့သည့် ခြောက်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၉၉ ဒသမ ၅ လက်မ ရွာသွန်းခဲ့သည်။

၂၀၁၈ စက်တင်ဘာလက ထုတ်ပြန်သည့် စာရင်းအရ နမ့်ခမ်းမြို့နယ်၏ လူဦးရေ ၁၁၅၇၈၂ ဦးအနက် ရှမ်းလူမျိုး များက ၄၀ ဒသမ ၆၅ ရာခိုင်နှုန်း (၄၇၀၆၆ ဦး)၊ ပလောင် လူမျိုးများက ၁၆ ဒသမ ၁၄ ရာခိုင်နှုန်း (၃၉၅၁၆ ဦး) ရှိကာ လီဆူ၊ လီရှော၊ ကချင်နှင့် ဗမာလူမျိုးများလည်း နေထိုင် ကြသည်။ မြို့နယ်လူဦးရေ၏ ၉၅ ဒသမ ၁၈ ရာခိုင်နှုန်း (၁၁၀၂၀၂ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ၁၇ ဒသမ ၄၆ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာကို ကိုးကွယ်သည်။ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်သူများလည်းရှိသည်။

စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသည့် နမ့်ခမ်းမြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြပြီး တောင်ပေါ်ဒေသများတွင် လက်ဖက်ကို စိုက်ပျိုးကြကာ စပါးနှင့် လက်ဖက်ခြောက်သည် နမ့်ခမ်း မြို့နယ်၏ အဓိက ထွက်ကုန်ဖြစ်သည်။ အချို့ကျေးရွာ များတွင် ခမောက်၊ လွယ်အိတ်၊ မြေအိုးတို့ကို ထုတ်လုပ် သည်။ နမ့်ခမ်းမြို့နယ်အတွင်း၌ စပါး၊ မြေပဲ၊ နှမ်း၊ ကြံ၊ အစေ့ထုတ်ပြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ‌ရော်ဘာ နှင့် ကော်ဖီ၊ ဈေးကွက်ဝင်သီးနှံများဖြစ်သည့် ဆီမုန်ညင်း၊ ဂျုံ၊ ပဲပုတ်တို့ကိုလည်း စိုက်ပျိုးသည်။ ၂၀၁၇-၂၀၁၈ ခုနှစ် တွင် နမ့်ခမ်းမြို့နယ်၏ ဆန်ဖူလုံမှုသည် ၁၄၀ ရာခိုင်နှုန်း ဖြစ်သည်။

နမ့်ခမ်းမြို့နယ်ရှိ ဘုရားနှင့် စေတီ ၉၈ ဆူအနက် မြို့ဦးစေတီ၊ မန့်ခမ်းစေတီ၊ မဟာမြတ်မုနိဘုရား၊ မြို့လယ် ဘုရား၊ လျောင်းတော်မူဘုရား၊ ထိုင်တော်မူဘုရားတို့သည် ထင်ရှားသော သာသနိကအဆောက်အအုံများဖြစ်သည်။

ကွတ်ခိုင်သို့

မူဆယ်ခရိုင်သို့ ခရီးထွက်ခဲ့စဉ် ရှေးဦးစွာရောက်ရှိသော မြို့သည် ကွတ်ခိုင်ဖြစ်၍ ကွတ်ခိုင်မြို့သည် လားရှိုးမြို့နှင့် မူဆယ်မြို့အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး မူဆယ်မြို့မှ တောင်ဘက်သို့ ၉၈ ကီလိုမီတာနှင့် လားရှိုးမြို့မှ အရှေ့မြောက်ဘက်ယွန်းယွန်းသို့ ၇၅ ကီလို မီတာ ကွာဝေးသည်။

ကွတ်ခိုင်မြို့၏ တည်နေရာသည် မြစ်ချောင်းများ မြောက်ဘက်မှ တောင်ဘက်သို့ ကွေ့ကောက်စီးဆင်းနေ သည့်နေရာဖြစ်သဖြင့် ရှမ်းဘာသာစကားဖြင့် ကွတ်နမ့်ခိုင် ဟု ခေါ်ဆိုခဲ့ကြသည်။ ကွတ်သည် ကွေ့ကောက်ခြင်း၊ နမ့်သည် ရေ၊ ခိုင်သည် ရောင်းချခြင်းဟု အဓိပ္ပာယ်ရှိသဖြင့် ကွတ်နမ့်ခိုင်သည် ရောင်းဝယ်ဖောက်ကားသူများအသုံးပြု သည့် ကောက်ကွေ့သော ချောင်းရှိသည့်ရေဟု ဆိုလိုပြီး ကွတ်နမ့်ခိုင်မှ ကွတ်ခိုင်သို့ ပြောင်းလဲခဲ့သည်။ ၁၈၈၆ ခုနှစ် တွင် ယင်းနေရာသို့ ဗန်းမော်ဒေသမှ ကချင်လူမျိုးများ လာရောက် အခြေချရာမှ တစ်စတစ်စ စည်ပင်လာပြီး မြို့ ဖြစ်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ပြည်ထဲ ရေးနှင့် သာသနာရေးဝန်ကြီးဌာနက ကွတ်ခိုင်မြို့နယ်ကို ဖွဲ့စည်းခဲ့သည်။

ကွတ်ခိုင်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၉ မိုင်၊ တောင်မှ မြောက်သို့ ၅၂ မိုင်ရှည်လျား၍ ၂၇၅၉ စတုရန်းမိုင် ကျယ်ဝန်းကာ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ကွမ်းလုံမြို့ နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်၊ တောင်ဘက်တွင် သိန္နီမြို့နယ်၊ မြောက်ဘက်တွင် မူဆယ် မြို့နယ်နှင့် ထိဆက်နေသည်။

သံလွင်မြစ်သည် တောင်ကုန်းတောင်တန်း ထူထပ်၍ သစ်တောများဖုံးလွှမ်းနေသည့် ကွတ်ခိုင်မြို့နယ်နှင့် ကွမ်းလုံ မြို့နယ်ကြားမှ စီးဆင်းနေသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၄၄၂၉ ပေ မြင့်သည့် ကွတ်ခိုင်မြို့နယ်၏ အပူချိန် သည် ရေခဲမှတ်အောက် ၃ ဒီဂရီစင်တီဂရိတ်နှင့် ၃၇ ဒီဂရီ စင်တီဂရိတ်အကြားရှိ၍ လွန်ခဲ့သည့် ရှစ်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၁၂ ဒသမ ၇၅ လက်မ ရွာသွန်းခဲ့သည်။

ကွတ်ခိုင်မြို့နယ်ကို မြို့နှစ်မြို့(ကွတ်ခိုင်နှင့် တာမိုးညဲ)၊ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၆၈ အုပ်စု၊ ကျေးရွာ ၄၆၃ ရွာဖြင့် ဖွဲ့စည်းထားကာ မြို့နယ်လူဦးရေ ၁၈၈၀၄၆ ဦး အနက် မုန်းဝန်းလူမျိုးများက ၃၀ ဒသမ ၅ ရာခိုင်နှုန်း (၅၇၃၆၃ ဦး)၊ ပလောင်လူမျိုးများက ၂၄ ဒသမ ၈၄ ရာခိုင် နှုန်း(၄၆၇၂၈ ဦး)နှင့် ရှမ်းလူမျိုးများက ၂၄ ဒသမ ၂၇ ရာခိုင် နှုန်း(၄၅၂၆၅ ဦး) ရှိသည်။ မြို့နယ်အတွင်း လီဆူး၊ မြောင်ဇီး၊ ကိုးကန့်၊ ခိုလုံလီရှော တိုင်းရင်းသားများလည်း နေထိုင်ကြ သည်။ မြို့နယ်လူဦးရေ၏ ၆၃ ဒသမ ၁၂ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုကိုးကွယ်၍ ၃၃ ဒသမ ၅၈ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။

ကွတ်ခိုင်မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြ၍ မြို့နယ်၏ အဓိကထွက်ကုန်များသည် စပါး၊ ပြောင်း၊ ကြံ၊ ချဉ်စော်ခါး၊ လက်ဖက်ခြောက်၊ အာလူး၊ လိမ္မော်သီးနှင့် လိုင်ချီးတို့ဖြစ်သည်။ ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ကွတ်ခိုင်မြို့နယ်၏ ဆန်ဖူလုံမှုသည် ၁၄၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ်အတွင်း စေတီ ၂၂ ဆူရှိသည့်အနက် ကွတ်ခိုင်မြို့ အမှတ် (၅) ရပ်ကွက်ရှိ တိလောကမာရဇိန် ဆုတောင်းပြည့်စေတီနှင့် တာမိုးညဲမြို့ရှိ ရန်အောင်မြင် စေတီတို့သည် ထင်ရှားသည်။

တစ်ချိန်သောကာလက အနက်ရောင်နယ်မြေဖြစ်ကာ အေးချမ်းတည်ငြိမ်မှု မရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော နယ်စပ် ကုန်သွယ်ရေးဝင်ပေါက် ဖြစ်လာခဲ့ပြီးနောက် ဒေသနှင့် ဒေသနေပြည်သူများ၏ လူနေမှုဘဝများသည် သိသာစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

လားရှိုးမြို့မှ မူဆယ်မြို့အထိ ဖောက်လုပ်ထားသည့် ၁၇၃ ကီလိုမီတာ ရှည်လျားသည် မော်တော်ကားလမ်းသည် အထူးကောင်းမွန်လှပြီး ကားနှင့် ဆိုင်ကယ်များ အဆက် မပြတ် သွားလာနေကြကြောင်း ကိုယ်တွေ့ကြုံ ခဲ့ရသကဲ့သို့ မူဆယ်ခရိုင်၏ အခြေခံ အဆောက်အအုံများသည် များစွာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း မြင်တွေ့ခဲ့ရပေသည်။

လှပ၍ အေးချမ်းသာယာသော မူဆယ်ခရိုင်အတွင်း ရှမ်းတိုင်းရင်းသားရိုးရာ အစားအသောက်များကို စားသုံး ကာ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများကို လေ့လာ နိုင်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန် နေပြီဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တည်ငြိမ် အေးချမ်းမှု ရရှိသည်နှင့်အမျှ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဆက်လက် တိုးတက် မည်သာ ဖြစ်ပေသည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)

 

ကိုးကား

(၁) မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)

(၂) မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့နယ်များ၏ ဒေသဆိုင်ရာ

အချက်အလက်များ(ပြည်ထဲရေးဝန်ကြီးဌာန)