နေပြည်တော် အောက်တိုဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့ ပြည်သူ့ဆေးရုံကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး သီပေါမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ကုသရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။
သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် သီပေါမြို့ပေါ် နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်း သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည် အားဖြည့်ဆောင်ရွက်ရန်အတွက် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက် ၁၅ နှစ်အောက်ကလေးများအား အထူးအစီအစဉ် (Special Immunization Activities)ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်း လုပ်ငန်းများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်း များသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ နှင့်ကျောင်းနေအရွယ် အသက် ၁၅ နှစ်အောက် ကလေးငယ် ၃၅၀ ကို လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပြန်လည် အားဖြည့်ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းစဉ်


