နေပြည်တော်      ဇန်နဝါရီ     

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ    ယနေ့နံနက်ပိုင်းတွင်    တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ  စိုက်ပျိုးရေးဦးစီးဌာန၏  နမ့်လတ်ဥယျာဉ်ခြံသို့   သွားရောက်ပြီး ဒေသ၏စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး၊ စိုက်ပျိုးနည်းပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်    ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနခြံမှ ထုတ်လုပ်ပေးလိုက်သည့် သီးနှံပျိုးပင် များ၊ မျိုးများ၏ သက်တမ်းအလိုက် ရာသီအလိုက် အသီးထွက်ရှိမှုနှင့်စားသုံးမှုအရည်အသွေးအပေါ် နည်းပညာအရ အာမခံချက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးသည်မှ သီးနှံစတင်ဆွတ်ခူးနိုင်သည်အထိ ပြုစုရမည့်နည်းပညာများ၊ စီးပွားဖြစ် ဆွတ်ခူးထုတ်လုပ်သည်မှ   ကာလအလိုက်  အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှု၊ အရင်းကျေကာလနှင့် စီးပွားဖြစ်ထတ်လုပ်မှု သက်တမ်းအား   တောင်သူများနှင့်   သက်ဆိုင်ရာတာဝန်ရှိသူများ၏  မေးမြန်းဆွေးနွေးမှုအပေါ် စနစ်တကျ ရှင်းလင်းတင်ပြနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နမ့်လတ်ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားသော သီးနှံပင်များကို ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူများအား  လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြား သည်။

ထိုမှတစ်ဆင့်   ရပ်စောက်မြို့နယ် မကျီးကုန်းကျေးရွာအုပ်စု ကြာအင်းကျေးရွာရှိ Unique  Lawksawk Mango Public Co., Ltd. သရက်သီးသန့်စင်ထုပ်ပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ ဒါရိုက်တာနှင့် မြို့နယ်သရက်သီးအသင်းဥက္ကဋ္ဌက  လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသတွင်းတောင်သူများအားလုံး ညီညွတ်စွာပါဝင်ဆောင်ရွက်မှု၊   လုပ်ငန်းဆိုင်ရာဖြည့်ဆည်းပေးရန် အချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ သရက်သီးစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ သရက်သီးအပြင် အခြားဈေးကွက်ဝင် သီးနှံများ ကိုပါ အဆင့်မီထုပ်ပိုးဈေးကွက်တိုးချဲ့ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                                       

သတင်းစဉ်