မြစ်ကြီးနား ၁၅ မတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်မည့် ကချင်ပြည်နယ် လုံးဆိုင်ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဗုဒ္ဓအဆုံးအမခံယူပွဲနှင့် ရှင်ရဟန်းတစ်ထောင် ပဗ္ဗဇ္ဇဥပသမ္ပဒမင်္ဂလာ သာသနာအမွေခံယူပွဲ အခမ်းအနားများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယနေ့ မွန်းလွဲ (၂) နာရီက တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်၌ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်က ပြည်နယ်အဆင့် ပွဲတော်ဖြစ်သည်နှင့်အညီ ဆပ်ကော်မတီအသီးသီးတို့က စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ချထားမှုအလိုက် လိုအပ်ချက်များ၊ အကြံပြုဆွေးနွေးချက်များကို တင်ပြဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်းပြောကြားပြီး ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ပါ ဆပ်ကော်မတီဝင်များကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ကြသည်။
ယင်းနောက် ပွဲတော်အတွင်း ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်၍ တိုင်းရင်းသားပေါင်းစုံ၊ ဝန်ထမ်းမိသားစု၊ ကျောင်းသားများ၊ မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါသူများအပြင် တပ်မတော်မိသားစု ဝင်များရှိ သာမဏေဝတ်ရန် ဆန္ဒရှိသူများကို စာရင်းကောက်ယူနိုင်ရေး ကိစ္စရပ်များအပါအဝင် လိုအပ်ချက်များ၊ ဘဏ္ဍာငွေအသုံးစရိတ်များနှင့် အကြံပြုချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ဆပ်ကော်မတီအလိုက် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပွဲတော်အား မြစ်ကြီးနားမြို့တွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ ထေရဝါဒ ဗုဓ္ဒဘာသာ ဓလေ့ထုံးစံအတိုင်း ရှင်လောင်းနတ်ပြခြင်း၊ ရှင်လောင်းလှည့်ခြင်းတို့အပါအဝင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး ညပိုင်းတွင်လည်း တရားပွဲများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ သာမဏေ၊ ရဟန်းဝတ်ရန် ဆန္ဒရှိသူများအနေဖြင့် ရပ်ကွက်အသီးသီးနှင့် အခြေခံပညာကျောင်းများတွင် စာရင်းပေးသွင်းနိုင်ကြောင်း ဦးစီးကော်မတီထံမှ သိရှိရသည်။
MDN


