ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ခွဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲစာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေး ဆောင်ရွက်သွားရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင် မိမိ အမည်မပါဝင်ပါက အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက် အလက်များ မှားယွင်းပါက ပြင်ဆင်ခြင်းများ လျှောက်ထား ရာတွင် ရွေးကောက်ပွဲဥပဒေနှင့် အညီ စနစ်တကျ သတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း တာဝန်ကိစ္စရပ်များ၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး၊ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည့် လုပ်ငန်းကိစ္စရပ်များကို တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


