စကားအင်း ၂၅ စက်တင်ဘာ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၃ မိုင်အနီးတွင် စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းက ခရီးသည်တင် မှန်လုံယာဉ်တစ်စီးအား နောက်မှ ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက ဝင်တိုက်မိရာမှ ယာဉ်နောက်လိုက်တစ်ဉီး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် စကားအင်း အမြန်လမ်းကြီး မီးသတ်စခန်းတာဝန်ခံ လ/ထ ဦးစီးမှူး ထွေးခိုင်က “ရှေ့ကကားက ရွှေစင်စကြာ်ပေါ့၊ နောက်ကတိုက်တဲ့ကားက နေကြာပေါ့၊ သေဆုံးတဲ့သူက နေကြာက၊ ‌ရွှေစင်စကြာ်က အကူယာဉ်မောင်းက မစိုးရိမ်ရပါဘူး၊ အတွင်းလူနာပေါ့နော်၊ ဒဏ်ရာရတာ သုံးယောက်ရယ် သေဆုံးတစ်ယောက်ပေါ့၊ ဖြစ်တဲ့ အချိန်က နံနက် ၃ နာရီခွဲ၊ ရှေ့က ရွှေစင်စကြာ်ရှိတာ၊ ရွှေစင်စကြာ်ကားကို နောက်က နေကြာကားက ဝင်အောင်းလိုက်တာပေါ့၊ ဖြစ်စဉ်ဖြစ်တုန်းကတော့ ကျွန်တော်တို့ မီးသတ်အဖွဲ့က Cutter တွေသုံးပြီး ညှပ်ထုတ်ပြီးတော့မှ တစ်ယောက်ကို ကယ်ရတာပေါ့နော်၊ အဲ့လူကတော့ အဲ့အချိန်ကတော့ စိုးရိမ်ရတာပေါ့၊ ဒါပေမယ့် အခုတော့ မစိုးရိမ်ရတော့ဘူး၊ အတွင်းလူနာသုံးယောက်ပေါ့” ဟု ပြောသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် နံနက် နံနက် ၃ နာရီခွဲခန့်က စကားအင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးကျော်မြစိုး ၄၂ နှစ်၊ မြင်းခြံမြို့နေသူ မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ခရီးသည် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၃ ဦး လိုက်ပါလာသည့် ယာဉ်အမှတ် 4K/----နေကြာ ခရီးသည်တင် မှန်လုံယာဉ်သည် လမ်းမကြီးမိုင်တိုင်အမှတ် ၃၄၃ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားသို့ အရောက်၌ ယာဉ်ကြောတူ ရှေ့တွင်မောင်းနှင်နေသော မြေသယ်သည့် FAW ယာဉ်တစ်စီးအား ကျော်တက်စဉ် ကနဉီးတိုက်မိခဲ့ပြီးနောက် ဆက်လက်ကျော်တက်ရာမှ FAW ယာဉ်၏ ရှေ့တွင်ရှိသည့် ယာဉ်မောင်း ကိုထွန်းမင်းအောင် ၄၅ နှစ်၊ တောင်ဉက္ကလာမြို့နေသူ မောင်းနှင်သော ယာဉ်အမှတ် 3M/--- ရွှေစင်စကြာ် ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်မောင်းပါ ခရီးသည် အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၄ ဦးလိုက်ပါလာသော ယာဉ်၏ နောက်ခြမ်းအား ထပ်မံဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။


ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်းသတင်းအရ စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ညီညီအောင်နှင့် တပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းမကြီး မီးသတ်စခန်းမှ လ/ထ ဦးစီးမှူး ထွေးခိုင်ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မတော်တဆမှုကြောင့်   နေကြာခရီးသည်တင်မှန်လုံယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူ ကိုရဲကြီး ၂၈ နှစ် (ဘ) ဦးပြူး၊ လှိုင်သာယာ၊ ရန်ကုန်မြို့နေသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး၊ နေကြာယာဉ်မောင်းဖြစ်သူ ဦးကျော်မြစိုး၊ အကူယာဉ်မောင်းဖြစ်သူ ကိုမိုးလှိုင်နှင့် အတိုက်ခံရသော ရွှေစင်စကြာ်ယာဉ်ပေါ်မှ အကူယာဉ်မောင်းတစ်ဉီးတို့ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း၊  နောက်မှဝင်တိုက်သော နေကြာခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ ခရီးသည်များနှင့် အတိုက်ခံရသော ရွှေစင်စကြာ် ခရီးသည်တင် မှန်လုံယာဉ်ပေါ်လိုက်ပါသည့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း စကားအင်း အမြန်လမ်းမကြီး ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

 


ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးတို့အား အမြန်လမ်းတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ယာဉ်နှစ်စီးလုံးမှ ခရီးသည်များ ဆက်လက်ခရီးထွက်ခွာနိုင်ရန် အမြန်လမ်းမကြီး တာဝန်ရှိသူများက စီးစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ယာဉ်တိုက်မှုကြောင့် နောက်မှဝင်တိုက်သော နေကြာခရီးသည်တင် မှန်လုံယာဉ်မှာ ရှေ့ခေါင်းပိုင်း ကြေမွပျက်စီးသွားခဲ့ကြောင်း သိရသည်။


အဆိုပါယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နေကြာယာဉ်မောင်းဖြစ်သူ ဦးကျော်မြစိုးအား ဉပဒေအရအရေးယူပေးရန် ဒုရဲအုပ်သိန်းလွင်မှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် စကားအင်းအမြန်လမ်းမကြီး ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ကိုလွင်(ဆွာ)