နေပြည်တော် ဒီဇင်ဘာ ၉

 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်)ကို နိုဝင်ဘာ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ကျောင်းများအလိုက် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် မိဘပြည်သူများ လာရောက်လေ့လာကြည့်ရှုကြသည်။

 

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်နှင့် ကျောက်တံတားခရိုင်တို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ယခင် နက္ခတ်တာရာပြခန်းတွင် အသုံးပြုခဲ့သော GOTO Planetarium Analog Projection System၊ ပြတိုက်အတွင်းရှိ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့မှ အာကာသသို့ ခေတ်အဆက် ဆက်လွှတ်တင်ခဲ့သည့် ဒုံးပျံများ နှင့် အာကာသယာဉ်ပုံစံငယ်များ၊ အာကာသတွင်း လှည့်ပတ်သွားလာ လျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံ လွှတ်တင်မှု သရုပ်ပြသမှုများနှင့် အာကာသနှင့် နက္ခတ်တာရာ ဆိုင်ရာ Dome Video Clip တို့ကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိ သူများက ရှင်းလင်းပြသကြသည်။

 

ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာ လျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်