နေပြည်တော် ၁၉ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ လမ်းများတွင် လမ်းမီးမရှိသေးသည့် နေရာများအားလည်းကောင်း၊ လမ်းမီး ရှိသော်လည်း လမ်းမီးချွတ်ယွင်းနေသဖြင့် မလင်းသည့်လမ်းများ အားလည်းကောင်း ပြုပြင်လဲလှယ်ခြင်း၊ အသစ်တပ်ဆင်ခြင်းတို့ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းပေးမည်ဖြစ်သော ဘဏ္ဍာငွေ ၁ ဒသမ ဝ၈ ဘီလီယံဖြင့် မီးလုံးများဝယ်ယူရန် တင်ဒါခေါ်ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီလဒုတိယပတ်က ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအခမ်းအနားမှ သိရသည်။
“ရန်ကုန်မှာ လမ်းမီးတွေ ထွန်းတာကို ကျွန်တော်တို့ဌာနနဲ့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အရင်ကတည်းက ချမှတ်ထားတဲ့မူဝါဒအရ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လမ်းမီးတွေ တပ်ဆင်ထွန်းလင်းဖို့၊ ဓာတ်အားပေးနိုင်ဖို့အတွက် လမ်းမီးဓာတ်အားလိုင်း တည်ဆောက်တာ၊ ရှိပြီးလမ်းမီးဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်တာတွေကို တာဝန်ယူ ဆောင်ရွက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကတော့ ချွတ်ယွင်းနေတဲ့ မီးလုံးတွေ ပြုပြင်လဲလှယ်တာ၊ မီးလုံးမရှိသေးတဲ့ နေရာတွေမှာ မီးလုံး အသစ်ထပ်မံတပ်ဆင်တာတွေကို တာဝန်ယူဆောင်ရွက်ပါတယ်။”
“ဘယ်အပိုင်းက လိုအပ်မှုတွေရှိသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရအောင်လို့ ပြီးခဲ့တဲ့ ခြောက်လလောက်ကစပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံညှိနှိုင်းပြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တွေမှာ လမ်းမီးတပ်ဆင်ထွန်းညှိခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကသာ လွှဲပြောင်းတာဝန်ယူဆောင်ရွက်ရမယ်လို့ ညှိနှိုင်းချက်ရလာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အတွင်း မြို့နယ်ပေါင်း ၃၀ ရှိ နေရာပေါင်း ၁၀၆ ခုတွင် လမ်းမီးဓာတ်အား လိုင်းအသစ်မိုင် ၇၀ တည်ဆောက်ခြင်း၊ LED (150)W မီးလုံးပေါင်း ၃၂၆၅ လုံး အသစ်တပ်ဆင်ခြင်းတို့ကို ၂ ဘီလီယံခန့် ကျခံဆောင်ရွက်လျက်ရှိပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းကျဆင်းစေပြီး ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းများ ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း လမ်းမီးဓာတ်အားလိုင်း အသစ်တည်ဆောက်ခြင်း၊ မီးလုံးအသစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ သိရသည်။
သိမ့်သိမ့်မိုး (မြန်မာ့အလင်း)


