ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ ဘင်ခရာအဖွဲ့များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့များမှ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဘင်ခရာပြိုင်ပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က လက်ခံရယူသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲဝင်အဖွဲ့များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိကျင်းပကာ ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့ ၂၄ ဖွဲ့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမဆုမှ ပဉ္စမဆုအထိ ကျိုင်းဆုများချီးမြှင့်၍ ကျန်ရှိသည့်အဖွဲ့များကို အထူးဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွင်းပေါက်ချောင်းစပ်မှ ရွှေမုယင်းငါးကန်များသို့ ဆက်သွယ်သော လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ရွှေမုယင်း ငါးကန်များမှ ထွက်ရှိသော ငါးများကို ရွှေပိတောက်ငါးဈေးသို့ ရောင်းချရန်အတွက် အအေးခန်းကားဖြင့် တင်ပို့သယ်ယူပို့ဆောင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


