ရန်ကုန်     နိုဝင်ဘာ    ၁

 

၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး  တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်မြို့   ဒဂုံမြို့နယ်   ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊   စက်မှုဇုန်အသီးသီးမှ   တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊      MSME         လုပ်ငန်းရှင်များနှင့် တိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြည်သူလူထုအနေ နှင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့်  ဂီတဖျော်ဖြေမှုကို  ကြည့်ရှု ခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချ သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်        ပစ္စည်းများကို ကောင်းသော ယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံးထုတ်ကုန် ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ် အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSME     လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုး လာနိုင်စေရေးတို့ကိုပါ   ရည်မျှော်ရှေးရှုလျက်  စီမံဆောင်ရွက်ထားရှိသည့် ယခုပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲကြရန် ပြောကြားသည်။

 

ထို့နောက်    တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့်         ဂီတဖျော်ဖြေပွဲကို       တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှ    ဥက္ကဋ္ဌများက ဖဲကြိုးဖြတ်၍      ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက်  ကရင်ရိုးရာအက အဖွဲ့၊  ဘင်ခရာအဖွဲ့များ ၊ ပန်းဖွား အဖွဲ့များက  ဖျော်ဖြေတင်ဆက် ကပြကြရာ        တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ကြသည်။

 

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်    တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဈေးဆိုင်ခန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်ပစ္စည်းများပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြ​ သည်။

 

ယနေ့ကျင်းပသည့်   ရန်ကုန်တိုင်းဒေသကြီး     တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကြီးကို   ယနေ့မှနိုဝင်ဘာ ၄ ရက် အထိ လေးရက်တိုင်တိုင် နေ့စဉ် နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်​ပြီး ဈေးရောင်းပွဲတော်တွင်        ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း  ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ   ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ        အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊  တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများရောင်းချသည့် ဆိုင်ခန်းများ၊  ကျောင်းသားလူငယ်များ    စာဖတ်ရှိန်  မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့်         စားသောက်ဆိုင်ခန်းများ အပါအဝင်  ဆိုင်ခန်းပေါင်း ၆၃၀ ကျော်    ပါဝင်​ပြသရောင်းချလျက်ရှိသည်။

 

ထို့ပြင် ပွဲတော်ရက်များအတွင်း MSME   လုပ်ငန်းရှင်များအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေမျာကို    သိရှိနိုင်စေရန်   Talk show အစီအစဉ်များပါဝင်ပြီး    ရုပ်ရှင်၊ သဘင်နှင့်          ဂီတနယ်ပယ်မှ ကျော်ကြားလျက်ရှိသည့် အနုပညာရှင်များ၏   ဖျော်ဖြေတင်ဆက်မှုများကို          ကြည့်ရှုခံစားကာ တန်ဆောင်တိုင်ပွဲတော်ရက်တွင် မြတ်စွာဘုရားကို အလှမီးများဖြင့် ပူဇော်ခြင်း၊        တန်ဆောင်မုန်း လပြည့်နေ့နှင့် အဖိတ်နေ့များတွင် မီးပုံးပျံလွှတ်တင်မည့် အစီအစဉ်နှင့်  မီးရှူးမီးပန်းများ  ပစ်ဖောက်ခြင်းများ    ဆောင်ရွက်သွားမည်ဖြစ်ကာ    ပွဲတော်လာပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် အလှူရှင်များက စတုဒိသာထမင်းများ   ကျွေးမွေကာ   သွားလာရေး   အဆင်ပြေ လွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ကားများလည်း   စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။       

 

ဇော်မင်းလတ်(MNA)