နေပြည်တော် ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည် အတုပြုလုပ်နေသူများကို ဇန်နဝါရီ ၁၄ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖော်ထုတ်ဖမ်းဆီး
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံး စာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် ည ၆ နာရီခွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၂) ရပ်ကွက် ဗထူး (၁၁) လမ်းနေ ဂျင်မီအောင် (ခ) ကုလားကြီး (ခ) ဟာရွန် (၄၀) နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင် (၂၄) နှစ်တို့ နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၁၁၀၊ သာသနာစိစစ်ရေးကတ်ပြားအတု သုံးခု၊ ရဲစခန်းပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာအတု ၁၂၀၊ ရပ်ကွက်ထောက်ခံစာအတု လေးရွက်၊ ကျောင်းထောက်ခံစာအတု သုံးခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု ၅၃ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု ၁၁၀၊ ဌာနဆိုင်ရာ/ ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
ထို့အတူ ည ၈ နာရီတွင် ရွှေပြည်သာမြို့နယ် (တ/၁၅) ရပ်ကွက် ရေအိုးစဉ်လမ်းနေ ညီထွေးနိုင် (ခ) ကုလားဘုန်းကြီး (ခ) ဟာစန်း (၂၈) နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ဇင်မောင်နိုင် (ခ) နူရွတ်လာ (၂၃) နှစ်တို့ နှစ်ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုးခု၊ ပြုလုပ်ဆဲနိုင်ငံသားစိစစ်ရေးကတ်ပြားအတု ရှစ်ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု လေးခု၊ ဌာန ဆိုင်ရာ/ ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက်စာတမ်းများ လိမ်လည်အတုပြုလုပ်သည့် ဖမ်းဆီးရမိ တရားခံ ဂျင်မီအောင် (ခ) ကုလားကြီး (ခ)ဟာရွန်နှင့် ကျော်ထက်အောင်တို့အား လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၄၇/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် လည်းကောင်း၊ ညီထွေးနိုင် (ခ) ကုလားဘုန်းကြီး (ခ) ဟာစန်းနှင့် ဇင်မောင်နိုင် (ခ) နူရွတ်လာတို့အား လှော်ကားနယ်မြေရဲစခန်း (ပ) ၁၆/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ပူးပေါင်းပါဝင် ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


