ရန်ကုန်  ၁၈  မတ် 

 

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက အမှာ စကားပြောကြား၍ အလှူငွေများကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

 

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်လာရန်အတွက် ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မိတ်ဖက် တက္ကသိုလ်များနှင့် ပူးပေါင်းကာ ရေတို ရေရှည် ရည်မှန်းချက်များဖြင့် Master Planကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိရာတွင် ရန်ကုန်တက္ကသိုလ် ပညာရေးအဆင့် မြှင့်တင်မှု ကော်မတီနှင့် ရန်ကုန်တက္ကသိုလ် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့် တင်ရေးကော်မတီတို့က ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ 

 

တက္ကသိုလ်၏ နှစ် ၁၀ဝ ပြည့်အမီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ရေတိုရည်မှန်းချက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၌ နိုင်ငံတော်၏ပံ့ပိုးမှုအပြင် ပြည်တွင်းနှင့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ၊ ကျောင်းသား ဟောင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသား၊ ဆရာ၊ မိဘများ၊ မြို့မိမြို့ဖများထံမှ ပါဝင်လှူဒါန်းမှုကို ပါလက်ခံပြီး ကော်မတီ၏ကြီးကြပ်မှုဖြင့် စနစ်တကျစီမံခန့်ခွဲ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အလှူငွေ ပေးအပ်ပွဲနှင့် ဂုဏ်ပြုပွဲများကို ရန်ကုန်တက္ကသိုလ်၌ လစဉ်ကျင်းပလျက်ရှိပြီး ဖေဖော်ဝါရီ ၄ရက် ပထမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲတွင် အလှူရှင်များက ငွေကျပ်(၂၀၅)သိန်း၊  ယနေ့ အခမ်းအနားတွင် အလှူရှင်များက ငွေကျပ် ၂၈၅၅၂၀ဝ နှင့် အမေရိကန် ဒေါ်လာ ၂၀ဝ ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

 


 (သတင်းစဉ်)