နေပြည်တော် ၂၇ အောက်တိုဘာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးအား ယနေ့ နံနက်ပိုင်းက AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့မှ နံနက် ၇ နာရီတွင် ထွက်ခွာလာသည့် ရွှေနဒီ အမြန်ရေယာဉ်သည် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရသေ့တောင်မြို့ အမြန်ရေယာဉ်ဆိပ်ကမ်းသို့ ရောက်ရှိကာ ခရီးသည်များ တင်ဆောင်ပြီး ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ရသေ့တောင်မြို့နယ် ကျောက်တန်းချောင်း၀နှင့် ပြိန်းတောင်ကျေးရွာကြား ရေမျက်ကျေးရွာဖောင်ဆိပ်အရောက်၌ AA အဖွဲ့မှ အင်အား ၃၀ ခန့်က ကမ်းစပ်မှ သေနတ်ပစ်ခတ်တားဆီး၍ ကမ်းစပ်သို့ ခေါ်ဆောင်ရပ်တန့်စေ ခဲ့ကြောင်း။
ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ၁၆၅ ဦးနှင့် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့ ပါဝင်ပြီး ယင်းတို့ အနက် ၅၈ ဦးအား ခေါ်ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေနဒီအမြန် ရေယာဉ်သည် နံနက် ၁၁ နာရီတွင် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကနဦးသတင်းရရှိသည်။
သတင်းစဉ်


