ရန်ကုန် ၁၈  ဖေဖော်ဝါရီ 

 

Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုဖြစ်သော ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Film Analysis) ပြုလုပ်ရာတွင် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ စိတ်ဝင်စားသူများနှင့် အနုပညာနယ်ပယ် ကဏ္ဍစုံမှ ပုဂ္ဂိုလ်များ ပိုမိုပါဝင်လာပြီး သုံးသပ်ဆွေးနွေးမှုပြုလုပ်ရာတွင်လည်း လေးနက်မှုပိုရှိလာကြောင်း ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင် (ဇာတ်ညွှန်းရေးဆရာ) ဒေါက်တာ အောင်မင်း က ပြောသည်။

 

ဒေါက်တာ အောင်မင်းက ``ဒီနေ့ဆိုရင် ၁၀ ကြိမ်ရှိပါပြီ။ အရင်ကတည်းက လာနေကျသူတွေကလည်း ပုံမှန်အတိုင်းပဲ လာနေကြတယ်။ စိတ်ဝင်စားပြီး နောက်ထပ် ရောက်လာတဲ့ သူတွေလည်းအများကြီးရှိပါတယ်။ အဲဒီအထဲမှာ အနုပညာ နယ်ပယ် ကဏ္ဍစုံကသူတွေလည်း ပါပါတယ်။ သုံးသပ် ဆွေးနွေးမှုအပိုင်းတွေမှာ ဆိုရင် ပိုပြီး ကျစ်လစ်လာတယ်။ အရင်ထက်ပိုပြီး လေးလေးနက်နက်ဆွေးနွေးလာနိုင်တာကို တွေ့ရ တယ်´´ ဟု ပြောသည်။

 

ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ်(၅၀) ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ (ရုပ်ရှင်အနုပညာရပ်ဝန်း) ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Film Analysis) ဒဿမ အကြိမ် သုံးသပ်ဆွေးနွေးမှုအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါသုံးသပ်ဆွေးနွေးပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ရုပ်ရှင်ပညာကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများ၊ ပြင်ပမှ ရုပ်ရှင်ပညာကိုစိတ်ဝင်စားသည့် လူငယ် များနှင့် ပြင်ပရုပ်ရှင်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ မြန်မာ့ရုပ်ရှင် အနုပညာ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ နှင့် စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

 

သုံးသပ်ဆွေးနွေးမှုပြုလုပ်နိုင်ရန် ဒေါက်တာ အောင်မင်း က အီရန်နိုင်ငံသား ဒါရိုက်တာ Abbas Kiarostami ရိုက်ကူးထားသော Like Someone in Love ရုပ်ရှင် ဇာတ်ကားကို ပြသပြီး တက်ရောက်လာကြသူများ၏ တစ်ဦးချင်း အမြင်များအပေါ် ဆွေးနွေးသုံးသပ်မှုများပြုလုပ်သည်။

 

ထိုသို့ပြသသည့် ဇာတ်ကားမှာ အသက်အရွယ် အိုမင်းနေသော တက္ကသိုလ် ပါမောက္ခ တစ်ဦး နှင့် ငွေကြေး တန်ဖိုးကြီးကြီးဖြင့် ပြည့်တန်ဆာ လုပ်ကိုင်လေ့ရှိသော တက္ကသိုလ်ကျောင်းသူ တစ်ဦးတို့၏ တစ်ညတာ ဘဝဖြတ်သန်းမှုအကြောင်းကို ဇာတ် အိမ် တည်ကာ စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။

 

လာမည့် ဆွေးနွေးပွဲကို မတ်လ  သုံးရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည်။ ထိုသို့ပြုလုပ်ရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် ကမ္ဘာတစ်ဝန်းမှ Art House Film အမျိုးအစား ရုပ်ရှင် ဇာတ်ကားများထဲမှ ဇာတ်ကားများကို အလှည့်ကျ ရွေးချယ်ကာ ပြသ ဆွေးနွေးမှုများပြုလုပ် သွားမည်ဖြစ်သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

DSC_0