နေပြည်တော် အောက်တိုဘာ ၁၅
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ ရုရှား - ဘယ်လာရုစ်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်မှုကို အောက်တိုဘာ ၁၇ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင် ဘယ်လာရုစ်နိုင်ငံမှ တေးဂီတပညာရှင်များဖြစ်ကြသည့် Mr. Vladimir Sukolinsky ၊ Ms. Nadezhda Bryleva ၊ Ms. Anzhenik Aaitseva တို့က ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ထင်ရှားကျော်ကြားသည့် တေးသီချင်းများအပြင် မြန်မာတေးသီချင်းများ အပါအဝင် မြန်မာနိုင်ငံ၏ သာယာလှပပုံနှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် စိတ်ခွန်အားမြှင့်တင်ပေးနိုင်မည့် တေးသီချင်းများ သီဆိုဖျော်ဖြေမှုနှင့်အတူ ရုရှားသံရုံးမှ ဝန်ထမ်းများ၏ အက၊ အလှများနှင့် ပေါင်းစပ်ပြီး ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် အောက်တိုဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


