နေပြည်တော် နိုဝင်ဘာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ် ရေးမှူးဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိလာရာ မန္တလေးမြို့တော်ဝန်နှင့်ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများက    မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။     

ထို့နောက်   နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည်    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး   မန္တလေးမြို့၏ ယဉ်ကျေးမှုအမွေအနှစ် နေရာများဖြစ်သော  မြနန်းစံကျော်ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်ဘုန်းကြီးကျောင်းတို့အား   လေ့လာဖူးမြော်ကြည်ညိုကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ကြိုဆိုနှုတ်ဆက်

ယင်းနောက်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် ပုဂံညောင်ဦးသို့ ဆက်လက်ထွက်ခွာရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အဖွဲ့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင်  ကြည့်ရှုလေ့လာကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန   ပုဂံဌာနခွဲညွှန်ကြားရေးမှူးက ကမ္ဘာ့အမွေအနှစ်  ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို  လိုက်လံရှင်းလင်းပြသသည်။ 

ထို့နောက် ရွှေစည်းခုံစေတီတော်၊  အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားတို့၏   အနုပညာလက်ရာများကို စိတ်ဝင်တစားသွားရောက်လေ့လာကြည့်ရှုပြီး နန်းမြင့်မျှော်စင်မှ  ပုဂံဒေသနေဝင်ဆည်းဆာအလှကို ကြည့်ရှု၍ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်ရှိမြန်မာ့ရိုးရာ ယွန်းလက်မှု ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့သည်။

မြို့နယ်(ပြန်/ဆက် )