ညိုကို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ် -၁၉ဗိုင်းရပ်စ်ရောဂါကို အ ကြောင်း ပြုကာ ပြည်သူလူထုကို အစီရင်ခံပြောကြားရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ အနည်းငယ် ထည့်ပြောသွားသည်ကို ကြားရလိုက်ရသည့်အခါ ဖြိုးခနဲ၊ ဖျတ်ခနဲ ဗိုလ်ချုပ်အောင်ဆန်းကို သတိရသွားကာ တစိမ့်စိမ့်တွေးရင်း ကြည်ညိုမိရသည်။
ဘုန်းတော်ကြီးကျောင်းထွက် အညသားလေးတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်က မိန့်ခွန်းပြောလျှင် တစ်ခါတလေ ပါဠိစကားလေးများ ထည့်ကာပြောတတ်ကြောင်း ဟူသည့် အတိုင်ပင်ခံ၏ စကားလေးမှာ ဗိုလ်ချုပ်ပြောခဲ့ဖူးသော ပါဠိစကားလုံးများကိုလည်းကောင်း၊ ဗိုလ်ချုပ် သူ့ကိုယ်သူ တောသားတစ်ယောက် အဖြစ် ညွှန်းဆိုပြောခဲ့ဖူးသည်ကိုလည်းကောင်း အမှတ်ရစေ၏။ တောမြို့ လေးကနေ ရန်ကုန်တက္ကသိုလ်ရောက်လာ၊ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စစ်ခေါင်းဆောင် အမျိုးသားခေါင်းဆောင်၊ ပြည်သူ့ သူရဲကောင်း၊ ထက်မြက်သူ ရိုးသားဖြူစင်သူ စသည့် ဂုဏ်ပုဒ်များဖြင့် အရှိန်အဝါ ကြီးလှသူ။
“ ကျုပ်ဟာ တောသားပဲ၊ ဒီမြို့သား ဒီကျောင်းမှာ နေသွားပြီမို့ ရှေးက အရာရှိတွေကို ဘယ်လို ရိုသေရတယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ သူကြီးနဲ့ ရွာသား ဘယ်လိုစကားများတတ်တယ်၊ တောင်ကျောင်းနဲ့ မြောက်ကျောင်း ဂိုဏ်းကွဲတဲ့ ကိစ္စတွေကို ကျပ်နလည်ပြီးသားပဲ... ကျုပ်ဟာ သူများထက် ပကာသနကို ဂရုမစိုက်ဆုံးပဲ၊ ရုပ်ကလည်း ခပ်ချာချာဆိုတော့ ..." စသည်ဖြင့် တောသားဘဝက လာခဲ့ကြောင်းနှင့် ရုပ်ဆိုးဆိုးသူအဖြစ် သူ့ကိုယ်သူ ပုံဖော် သွားပုံက သူ၏အတွင်းစိတ်ကို ခန့်မှန်းချစ်ခင်စရာ။ ၁၉၄၇ ဧပြီလတွင်း နတ်မောက်မြို့ ဒီပင်္ကရာကျောင်းဝိုင်းထဲ ကျင်းပသည့် လူထုအစည်းအဝေး ကြီးမှာ ပြောကြားခဲ့သည့် မိန့်ခွန်းပါ။
သူက ဘုန်းကြီးကျောင်းထွက်ဖြစ်သည့်အပြင် ဘာသာရေးအပေါ် လေးနက်မှုရှိသူလည်းဖြစ်၏။ သူ၏ အလယ်ပစ္စယံညီလာခံ မိန့်ခွန်းတွင် "ဘာသာရေးသည် နောင်တမလွန်ဘဝများကို (ဝါ) လောကုတ္တရာကို ရှေးရှု သည်ဖြစ်သောကြောင့် လောကအရေးနှင့် များစွာမသက်ဆိုင်ချေ။ နိုင်ငံရေးမှာ မူကား လောကီရေးရာသာ ဖြစ်ပေ၏။ လုပ်ငန်းသဘောမှာလူမှုတိုးတက်ရေးနှင့် ဘာသာရေးတို့သည် အခြေသဘောအားဖြင့် ဆန့်ကျင်စရာအကြောင်းမရှိဟု ယူဆမိပေသည်။ ဘာသာတရားက သစ္စာ မေတ္တာနှင့် သမ္မာအာဇီဝ၊ သမ္မာ ကမ္မန္တ စသည်တို့ကို ဓမ္မအနေနှင့် ဟောကြားခံရာ လူမှုတွင်လည်း ဤဓမ္မတို့ကို လေးစားကြပေသည်။” ဟု ဆိုခဲ့ရာတွင် သူ၏ နိုင်ငံရေးကိုရော ဘာသာရေး ကိုရော ပါဠိအသုံးအနှုန်းများကို သင့်တော်ရာတွင် သင့်တော်သလို သုံးနှုန်းတတ်မှုကိုပါ ရိပ်စားမိမည်ဖြစ်၏။
၁၉၄၆ ဇန်နဝါရီလတွင်း ကျင်းပသည့် ဖဆပလအဖွဲ့ချုပ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ညီလာခံတွင်ဥက္ကဋ္ဌ ဦးအောင်ဆန်းအနေဖြင့် ပြောကြားခဲ့သည့် မိန့်ခွန်း တွင် သူ၏ ဘာသာရေးဆိုင်ရာအမြင်ကို ထိထိမိမိ ပြောကြားသွားခဲ့သည်ကို တွေ့ရ၏။ “ ယခုသံဃာတော် အရှင်မြတ်များအား သီးခြားထား၍ လျှောက်ထား လိုပါသည်ဘုရား၊ အရှင်သူမြတ်များ ဘုရား၊ အရှင်ဘုရားတို့သည် အလွန်ထူး ကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြကုန်သည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော် မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမ္မစိတ္တနှင့် ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်..." တဲ့။ ။
ဗိုလ်ချုပ်က နတ်မောက် ဒီပင်္ကရာ ဦးသောဘိတ လောကဓာတ်ကျောင်းမှာ စာသင်ခဲ့သော ဘုန်းကြီးကျောင်းသားဖြစ်သည်သာမက၊ ၁၉၃၂ ခုနှစ် ဆယ်တန်းအောင်စဉ်က ဂုဏ်ထူးထွက်သူ ရှားရှားပါးပါးရှိစဉ်၊ ဂုဏ်ထူးထွက်ရန် ခက်ခဲသည့်ကာလတွင် မြန်မာစာနှင့် ပါဠိဂုဏ်ထူး ထွက်ခဲ့သူလည်း ဖြစ်၏။
သူ၏ ပါဠိဘာသာကျွမ်းကျင်မှုနှင့် ပြည်သူလူထုကို ဆက်ဆံပြောဆိုရာတွင် ထိရောက်နားလည်အောင် စကားလုံးတို့ကို လိုအပ်သလို အသုံးချတတ်ခြင်းက များစွာသော သူ၏အရည်အချင်းများထဲက တစ်ခုဟု ဆိုရမည်။ သည်လို အရည်အချင်းက သာမန်မျှသာဟု ယူဆရသော်လည်း ထိရောက်မှုကို ဆင်ခြင် ကြည့်ပါက မည်မျှလောက် သွားသည်ကို သိပါမည်။
အင်္ဂလိပ်လူမျိုးတို့ အင်္ဂလိပ်ဘာသာဖြင့် စကားပြောနေစဉ်လေးနက်စေချင် သည့် အကြောင်းပါလာလျှင် လက်တင်လိုထည့်ကာ ပြောတတ်သည်ဟုကြားဖူးသည်။ မည်မျှဟုတ်မှန်သည် မသိ။ မြန်မာတို့ စကားပြောရင်း လေးလေး နက်နက်ပြောစရာရှိလာလျှင် ပါဠိလို သို့မဟုတ် ပါဠိသက် မြန်မာစကားကို ထည့်ပြောတတ်သည်ကိုဖြင့် သတိတရ ရှိလှသည်။
ကြေးမုံ


