နေပြည်တော် အောက်တိုဘာ ၂၇

 

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး(Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့အား အလုံးစုံပြန်လည်ထိန်းချုပ် ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရေး စသည်တို့အပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်ရှိ ကျောင်းသား ကျောင်းသူများ၏ ပညာရေးကဏ္ဍ ထိခိုက်နစ်နာမှုမရှိစေရန် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ပြည်သူလူထု၏  ကျန်းမာရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန် ဆေးရုံများပြန်လည်ဖွင့်လှစ် နိုင်ရန်အတွက် ယနေ့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သီပေါမြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ သီပေါမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ရာ အောက်တိုဘာ ၂၅ ရက်အထိ အခြေခံပညာကျောင်း လေးကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံ လျက်ရှိသည်။ ယနေ့တွင် ကျောင်းသား ကျောင်းသူ ၇၁ ဦး ထပ်မံလာရောက် ကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၄၀၂ ဦးအထိ ရှိပြီဖြစ်ပြီး အဆိုပါ ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြသည်။

 

ယင်းအပြင် သီပေါမြို့သို့ ပြန်လည် ဝင်ရောက်လာကြသော ဒေသခံပြည်သူများအား တာဝန်ရှိသူများ က ကြိုဆိုနေရာချထားပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကလည်း သီပေါမြို့ ကုန်းတော်ပရိယတ္တိ စာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ အိမ်ထောင်စုစာရင်း တိုက်ဆိုင် စစ်ဆေးပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို စတင်ဆောင်ရွက်ပေး လျက်ရှိသည်။

 

ထို့ပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၄၆ ဦးနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာသုံးဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

အလားတူ တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိပြီး တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင် စားသောက်နိုင်ရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်