နေပြည်တော် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
သီပေါမြို့၌ အောက်တိုဘာ ၂၂ ရက်မှ ၂၉ ရက် အထိ အခြေခံပညာကျောင်း ရှစ်ကျောင်း ဖွင့်လှစ်နိုင် ခဲ့ပြီး ယနေ့တွင် အခြေခံပညာကျောင်း သုံးကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် စုစုပေါင်း အခြေခံပညာ ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ကျောင်းနေအရွယ်ကလေးများ ကို တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့တွင် ကျောင်းသား ကျောင်းသူ ၁၈၃ ဦး ထပ်မံ လာရောက် ကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၁၇၁ ဦးအထိ ရှိပြီဖြစ်ပြီး အဆိုပါ ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြသည်။ ထို့ပြင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ သီပေါမြို့ရှိ အခြေခံပညာ မူလတန်းကျောင်း(စံဖိတ်)၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံ တိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၃၂ ဦးနှင့် အတွင်းလူနာ နှစ်ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းအပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက သီပေါမြို့ ကုန်းတော်ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲ ဖွင့်လှစ်၍ အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


