၁၈ နိုဝင်ဘာ
လွန်ခဲ့တဲ့ ဆယ်စုနှစ်က တမီးလ်တိုက်ဂါးတွေကို ရက်ရက်စက်စက် တိုက်ခိုက် အနိုင်ယူခဲ့တဲ့ အချိန်က ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဂိုတာဘာရာ ရာဂျာပတ်ဆာ က တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
အနိုင်ရရှိတဲ့ ဂိုတာဘာရာ ရာဂျာပတ်ဆာက သမ္မတတစ်ဦး အနေနဲ့ သီရိလင်္ကာ နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးနွယ် ပေါင်းစုံနဲ့ ဘာသာ ပေါင်းစုံအတွက် ဖြစ်တယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။
အသက် ၇၀ အရွယ် ဂိုတာဘာရာ ရာဂျာပတ်ဆာ ဟာ ဆန္ဒမဲရဲ့ ၅၂.၂၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဆာဂျစ် ပရီမက်ဒါဆာ ရဲ့ UNP ပါတီက ၄၁.၉၉ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၈၃.၇ ရာခိုင်နှုန်း မဲပေးခဲ့တာကို တွေ့ရပါတယ်။
ဧပြီ ၂၁ ရက်နေ့က အသေခံ ဗုံးပေါက်ခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၂၆၉ ဦး သေဆုံးခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို ဒေသတွင်းက အစ္စလာမ် အစွန်းရောက်တွေ လက်ချက်လို့ စွပ်စွဲမှု ရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲဟာ UNP ပါတီရဲ့ အစိုးရ လက်ထက်မှာ ကျင်းပတဲ့ ပထမဦးဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ကြိုတင် သတိပေးမှုတွေ ရှိခဲ့တဲ့ ဧပြီလက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံ ညံ့ဖျင်းခဲ့တဲ့အတွက် အစိုးရကို ကျယ်ကျယ်လောင်လောင် ဝေဖန်မှုတွေ ခံနေရပါတယ်။
ဆာဂျစ် ပရီမက်ဒါဆာဟာ လက်ရှိ အုပ်ချုပ်နေတဲ့ UNP ပါတီရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး ၁၉၉၃ ခုနှစ် မေလက တမီးလ်တွေရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု အတွင်းမှာ သေဆုံးသွားတဲ့ သမ္မတဟောင်း ရာနီးဆင်း ပရီမက်ဒါဆာ ရဲ့ သားလည်း ဖြစ်ပါတယ်။
ဂိုတာဘာရာ ရာဂျာပတ်ဆာ ရဲ့ အကို မဟင်ဒရာ ရာဂျာပတ်ဆာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်မှာ ၃၇ နှစ်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ခွဲထွက်ရေးသမား တမီးလ်တိုက်ဂါးတွေကို အပြီးသတ် ချေမှုန်းခဲ့ရာ လူပေါင်း ၁၀၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
မဟင်ဒရာ ရာဂျာပတ်ဆာ ဟာ သီရိလင်္ကာနိုင်ငံကို ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတ သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂိုတာဘာရာ ရာဂျာပတ်ဆာ က သူ့ကို ကန့်ကွက်မဲ ပေးခဲ့တဲ့ သူတွေရဲ့ သမ္မတဖြစ်တယ်။ သူဟာ သီရိလင်္ကာနိုင်ငံရဲ့ တာဝန်ကို ထမ်းဆောင်မယ့်သူ ဖြစ်တယ်။ လူမျိုးစုတွေ၊ ဘာသာရေးတွေကို ခွဲခြားမှု မရှိဘဲ မျှမျှတတ တာဝန်ထမ်းဆောင် သွားမယ်လို့ ပြောပါတယ်။ ဂိုတာဘာရာ ရာဂျာပတ်ဆာ ဟာ ဒီကနေ့ (တနင်္လာနေ့)မှာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP


