ဧပြီ ၂၇
တူနီးရှားသမ္မတ ကာအစ်က ပြင်သစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲ ပြန်လည်အနိုင်ရရှိခဲ့သော အီမန်နျူရယ်မက်ခရွန်ကို ယမန်နေ့ကဂုဏ်ပြုစကားဆိုကာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မက်ခရွန်ထံသို့ပေးပို့သော တူနီးရှားသမ္မတ၏ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် တူနီးရှားနှင့်ပြင်သစ်နိုင်ငံတို့ အကြား ဆက်ဆံရေးခိုင်မာမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို ကြိုဆိုဂုဏ်ပြုပါကြောင်း ဖော်ပြထားသည်။
တူနီးရှားနှင့်ပြင်သစ်နိုင်ငံတို့အကြား အမြဲတစေဆွေးနွေးညှိနှိုင်းမှုနှင့်ဗျူဟာမြောက်သော မိတ်ဖက် ဆက်ဆံရေး တို့ကို ၎င်းအနေဖြင့် ကျေနပ်မှုရှိကြောင်းကိုလည်း ထိုသဝဏ်လွှာတွင် ရေးသားထားသည်။
တူနီးရှားနိုင်ငံသမ္မတက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာစေရန်ဟူသော၎င်း၏သန္နိဌာန်ကို အခိုင်အမာပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ၏လက်ရှိသမ္မတ မက်ခရွန်သည် ၂၀၂၂ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် မဲအရေအတွက် ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် ဧပြီလ ၂၄ ရက်က အနိုင်ရရှိခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


