ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card) များကို မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနက နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်အထက်ရှိသူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း ၁၀ လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ် ထုတ်ပေးလျက်ရှိရာ Biographic/ Biometric အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) နိုင်ငံတော်အစိုးရက တရားဝင် ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုကို တစ်ပါတည်း ယူဆောင်လာရန် လိုအပ်သည်။
Smart Card များကို အစိုရ ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေပိုင်းအထိ လျှောက်ထားသည့် ပြည်သူများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)


