ရန်ကုန် ၁၃ မတ်

ယခုနှစ်သင်္ကြန်ပွဲတော် ရုံးပိတ်ရက်တွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ  အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံ-ဧရာအဝေးပြေးတို့မှ လက်မှတ်များကို ဝယ်ယူရာတွင် ကျန်ခရီးသွားရာသီတွင် ရောင်းချသော ပုံမှန်လက်မှတ်ခအတိုင်း ဝန်ဆောင်မှုပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

 

1

 

သင်္ကြန်ကာလ အများပြည်သူ ခရီးသွားလာရာတွင် လက်မှတ်ဝယ်ယူမှု အဆင့်ပြေချောမွေ့စေရန်နှင့် လက်မှတ်ခများ ပုံမှန်ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၂)ကြိမ် တွေ့ဆုံခဲ့ပြီး လက်မှတ်ဝယ်ယူ၍ မရခြင်း၊ လက်မှတ်ခဈေးနှုန်း ပို၍ပေးဆောင်ရခြင်း မရှိစေရန် အောင်မင်္ဂလာနှင့် ဒဂုံ-ဧရာအဝေးပြေး ယာဉ်လိုင်းကို အောင်မင်္ဂလာအဝေးပြေးရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တာဝန်ခံမှ အသိပေးပြောကြားထားကာ သင်္ကြန်ကာလတွင် လက်မှတ်ခပို၍ ရောင်းချပါက အရေးယူသွားမည်ဟု သိရသည်။

ဒီနှစ်သင်္ကြန်ကာလ ခရီးသွားဝန်ဆောင်မှုအတွက် အစည်းအဝေးလုပ်ဆောင်တာ (၂)ကြိမ်ရှိပါ ပြီ။ သင်္ကြန်တွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတာက လက်မှတ်ဝယ်မရတာ၊ ယာဉ်စီးခပိုတောင်းတာ ဒါတွေမ ဖြစ်အောင် ကျွန်တော်တို့ကြိုတင် စီမံထားတာရှိပါတယ်။ လက်မှတ်ဝယ်မရဘူးဆိုတာ မဖြစ်အောင် ယာဉ်လိုင်းတွေကို အသိပေးထားတယ်။ အဲ့ဒီလိုကြုံတွေ့ခဲ့ရင် ကျွန်တော်တို့ဆီအကြောင်းကြားပါ။ အချို့သောယာဉ်လိုင်းမှာ ယာဉ်အရန်တွေ ရာချီပြီးရှိတယ်။ စီးနင်းသူရှိရင် ပြေးဆွဲဖို့ အသင့်ရှိပါတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောထားပြီးသားပါ။ လက်မှတ်ဝယ်လို့ မရဘူးမရှိအောင် စီမံထားပါတယ်” ဟု YRTA (အောင်မင်္ဂလာအဝေးပြေး) မှတာန်ခံ ဦးဘမြင့်က ပြောသည်။

ယခုနှစ် သင်္ကြန်ပိတ်ရက်သည် ဧပြီ(၁၃)ရက်မှ (၁၇)ရက်နေ့ထိ (၅)ရက်ပိတ်မည်ဖြစ်ပြီး (၂)ရက်သည် ရုံးပိတ်ရက်နှင့် တိုက်ဆိုင်သည့်အတွက် သင်္ကြန်ကာလခရီးသွားမှု ယမန်နှစ်ထက် အနည်းငယ် လျော့နိုင်သည်ဟု ယာဉ်လိုင်းအချို့က သုံးသပ်ထားရာ ယာဉ်လိုင်းအချို့မှာ လက်မှတ်များကိုကြိုတင် ဝယ်ယူနိုင်ရန် လဆန်းပိုင်းတွင် အသိပေးသွားမည်ဖြစ်ပြီး အချို့မှာ နေ့စဉ်ခရီးစဉ်အတိုင်း ရောင်းချပေးသွားမည်ဖြစ်သည်။ လက်မှတ်ခများကို ပုံမှန်ဈေးနှုန်းထက် ပိုရောင်းပါက အရေးယူဆောင်ရွက်မှု နှင့် လက်မှတ်များ ဝယ်ယူမှု အဆင်ပြေစေရန် ယာဉ်လိုင်းများကို ညွှန်ကြားပြောကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ဒီမနက် ယာဉ်လိုင်း(၂)လိုင်းကို ခေါ်ပြီးတွေ့ပါတယ်။ တစ်ဦးက ရခိုင်ပြည်နယ်ကို သွားဖို့လက်မှတ် ကုန်နေပါပြီလို့ သတင်းထွက်နေတာကြောင့် ခေါ်မေးတဲ့အခါမှာ ယာဉ်လိုင်းတာဝန်ခံက ကျွန်တော် တို့မပြောကြောင်းနဲ့ ယာဉ်လိုင်းကိုလာပြီး မေးမြန်းတာလည်း မရှိ်ပါဘူးလို့ ဆိုတယ်။ နောက်ယာဉ်လိုင်း တစ်ခုက သူတို့ကိုဖုန်းဆက်ပြီး မေးမြန်းတာကြောင့် (၁၈)ရက်နေ့ထိ ရောင်းပြီးလို့သွားပြီလို့ ပြောခဲ့တယ် လို့ဆိုတယ်။ ရခိုင်ပြည်နယ်ကို ပြေးဆွဲတဲ့ ခရီးစဉ်(၂၄)လိုင်း ရှိတယ်။ သင်္ကြန်ပိတ်ရက်မှာ ခရီးသွားလာရေး အဆင်ပြေအောင် စီမံပြီးသားပါ” ဟု ဦးဘမြင့်က ဖြည့်စွက် ပြောကြားသည်။

YRTA အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ မိုင်(၁၀ဝ)အတွင်း ခရီးစဉ်များကိုလည်း YBS ယာဉ်(၁၀)စီးဖြင့် ယမန်နှစ်က ပြေးဆွဲခဲ့သည့်နည်းတူ ယခုနှစ်တွင်လည်း ခရီးသွားလာမှုများပါက ပြေးဆွဲပေးရန် လျာထားပြီး အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံ-ဧရာ အဝေးပြေးရှိ ယာဉ်များ သင်္ကြန်ကာလတွင် ပြေးဆွဲမည့် ယာဉ်လိုင်းနှင့် ရပ်နားမည့် ယာဉ်လိုင်များကိုလည်း YRTA မှ ထုတ်ပြန်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာပြည်တစ်ဝှမ်းသို့ ခရီးသွားဝန်ဆောင်မှု ပေးနေသည့် အောင်မင်္ဂလာ အဝေးပြေးတွင် ယာဉ်လိုင်းပေါင်း(၂၅၀) လိုင်းမှ ယာဉ်အစီးရေ (၂၅၂၉) စီးဖြင့် အများပြည်သူကို ဝန်ဆောင်မှု ပေးလျက်ရှိပြီး လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာအဝေးပြေးတွင် ယာဉ်လိုင်းပေါင်း (၁၂၂) လိုင်းမှ ယာဉ်အစီးရေ (၁၀၆၄) စီး ဖြင့် ခရီးသွား ဝန်ဆောင်မှုကို ပေးလျက်ရှိသည်။

သန်းထိုက်
ဓာတ်ပုံ-သန်းစိုး