ရန်ကုန် အောက်တိုဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက် မဟာခေမိကာရာမ ရွှေကျင်ကျောင်းတိုက်တွင် ၁၃၈၆-၁၃၈၇ ခုနှစ် ပညာသင်နှစ်တွင် အတန်း အသီးသီးမှ ဖြေဆိုအောင်မြင်တော် မူကြသော စာအောင်အရှင်သူမြတ်တို့အား ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက် သာသနာလင်္ကာရ ဓမ္မဗိမာန်တော်ကြီး၌  စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မဟာသုခါရာမ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူ မြတ်များထံမှ ဂုဏ်တော်များအား နာယူခဲ့ကြသည်။

 

ထို့နောက် မဟာခေမိကာရာမ ရွှေကျင်စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ကြီးက ချီးမွမ်း ထောမနာ ဝမ်းမြောက်ဂုဏ်ပြု စကား ချီးမြှင့်တော်မူပြီး စာအောင် ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ် တို့အား ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးဌေးမိုးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များနှင့် ဂုဏပူဇာများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်(ပြန်/ဆက်)