သံဖြူဇရပ် ၁၆  မတ် 


သံဖြူဇရပ်မြို့နယ် အားကစားပြိုင်ကွင်းအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ  (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက စတင်ကျင်းပခဲ့သည်။ 


ပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲအဖြစ် ကျောင်းရွာကျေးရွာအသင်းနှင့် အောင်ဇေယျရပ်ကွက် (က)အသင်းတို့ ယှဉ်ပြိုင်ကြရာ ကျောင်းရွာကျေးရွာအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ဆက်လက်ပြီး ဆုပေးပွဲကိုကျင်းပရာ ပြိုင်ပွဲတစ်လျှောက် အကူအညီပေးခဲ့ကြသည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပြီး ဒုတိယဆုရ အောင်ဇေယျရပ်ကွက် (က)အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က ဆုငွေကျပ်ငါးသိန်းနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ပထမဆုရရှိသည့် ကျောင်းရွာကျေးရွာအသင်းအား ဝန်ကြီးဦးထွန်းဌေးက ဆုငွေကျပ် ရှစ်သိန်း၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း ချီးမြှင့်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN