ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
အခုအခါ ကိုဗစ်-၁၉ အဖျားရောဂါကို တစ်ကမ္ဘာလုံးက ကပ်ရောဂါအဖြစ် ကာကွယ်တိုက်ဖျက်နေရချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားတတ်ချိန်နဲ့လည်း ဆုံနေနိုင်တာမို့ သတိပြုရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ ရာသီတုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်နေတတ်ပေမယ့် အပူပိုင်းဒေသများမှာ မိုးရာသီဆို အဖြစ်များလာတတ်ပါတယ်။ အအေးပိုင်း ဒေသတွေမှာ ဆောင်းရာသီ ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအတွင်းအဖြစ်များပြီး ပူနွေးလာရင် ကျသွားတတ်ပါတယ်။ Humidity စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီကိုလည်း တုပ်ကွေးဗိုင်းရပ်စ်တို့က နှစ်သက်ကြပါတယ်။
၂၀၁၉-၂၀၂၀ မှာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများစုတို့ရဲ့ မိုးရာသီ ဝင်ရောက်တော့မှာမို့ မိုးရာသီနဲ့အတူ ရာသီတုပ်ကွေးရောဂါကလည်း အတူကပ်လိုက်ပါနေလေ့ ရှိပါတယ်။ ထူးခြားတာက ကိုဗစ်ကလည်း အရင်နေရာယူပြီး ဖြစ်နေတာကြောင့် အဖျားရောဂါနှစ်ခု ဆုံနေနိုင်ပါတယ်။ သူတို့ နှစ်ခုဆုံပြီး ဖြစ်ကြရင် အဖျားအနာ ပိုများပြားမှာ ဖြစ်တဲ့အပြင် နောက်ဆက်တွဲ ပြဿနာများစွာလည်း ဆက်လက်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် အရင်နေရာယူပြီးဖြစ်တဲ့ ကိုဗစ်-၁၉ ကို အမြန်ဆုံး ဖြတ်တောက် နှိမ်နင်းကြဖို့နဲ့ တုပ်ကွေးရောဂါကိုလည်း တားဆီးကာကွယ်ကြဖို့ ဆောင်ရွက်ကြဖွယ် များစွာ ရှိနေပါတယ်။ နှစ်ခုလုံးက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အဖျားရောဂါတွေဖြစ်တာမို့ သူတို့ရဲ့ ဆင်တူတဲ့အချက်တွေ၊ မတူကွဲပြားတာတွေကို သိရှိကြပြီးလိုအပ်သည်များသတိရှိရှိ ဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ် (Influenza Virus.)
Influenza virus များဟာ Orthomyxoviraedae အုပ်စုဝင် ဗိုင်းရပ်စ်ပိုးများဖြစ်ကြပါတယ်။ သူတို့မှာ အဓိကပါဝင်တဲ့ ပရိုတင်းဓာတ်များအပေါ် မူတည်ပြီး Type A,B,C ဆိုပြီး ခွဲခြားထားပါတယ်။ လူတွေမှာ အဖြစ်များတာက Type A,B တို့ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတို့ဟာ သူတို့ကိုဖုံးအုပ်ထားတဲ့အခွံ ပရိုတင်းဓာတ် HA (Haemagglutinin) နဲ့ NA (Neuraminidase) တို့အပေါ် မူတည်ပြီး ခွဲခြားထားသလို ဒီဓာတ်တွေဟာလည်း ဇီဝပြောင်းလဲမှုများ High mutation and frequent genetic reassortment ဖြစ်လွယ်ကြပါတယ်။ လူနဲ့ငှက်တွေ ကုန်းနေရေနေသတ္တဝါ အချို့တို့မှာ 16HA, 9NA အမျိုးကွဲများ ရှိနေတတ်ပြီး ဗီဇပုံသဏ္ဌာန်က ပြောင်းလဲနေလေ့ရှိပါတယ်။ ဒါကြောင့်တုပ်ကွေး ကာကွယ်ဆေး ထုတ်ဖော်ရာမှာ တစ်သမတ်တည်း မဟုတ်ဘဲ နှစ်စဉ်လိုလို ပြောင်းလဲ ထုတ်ဖော်ပေးနေရပါတယ်။
တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က Seasonal Influenza A(H1N1) pdm 09 ဆိုပြီး အဖျားရောဂါဖြစ်ပွားခဲ့ပါတယ်။ သူသည် ရာသီတုပ်ကွေးအဖျားရောဂါနဲ့ ဆက်စပ်နေပါတယ်။ H1N1 pdm09 ဆိုတာက ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးရောဂါ တစ်မျိုးဖြစ်ပြီး အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားနှင့် မက္ကဆီကိုနိုင်ငံတို့မှာ ထိုနှစ်ဧပြီလကဖြစ်ပွားခဲ့ကာ ကမ္ဘာပတ်တုပ်ကွေး Pandemic Influenza အဖြစ်သတ်မှတ်ခဲ့ပါတယ်။ Swine Flu Virus, Avian Flu Virus, Human Flu Virus စတဲ့ ဝက်တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ လူတုပ်ကွေးဗိုင်းရပ်စ်တို့မှ ဗီဇများပေါင်းပြီးဖြစ်လာတဲ့ ဗိုင်းရပ်စ်ပိုးအသစ် pdm 2009 ဖြစ်ကြောင်းသိရပါတယ်။ ၂၀၀၉ ခုနှစ် ဇွန်လ အထိလူပေါင်း ၉၄၅၁၂ ဦးဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၂၉ ဦး၊ နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။ လူအချင်းချင်းမှာ ကူးစက်ခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာ ကူးစက်ပျံ့နှံ့မှု မတွေ့ရတဲ့အတွက်၂၀၁၀ ပြည့်နှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကပ်ရောဂါအဖြစ်မသတ်မှတ်တော့ဘဲ ရာသီတုပ်ကွေး Seasonal Influenza အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ (Journal of Preventive Medicine and Hygiene JPMH)-2016 ၊
ဒါသည်လည်း တုပ်ကွေးရောဂါနဲ့ပတ်သက်တဲ့ သတိပြုဖွယ်တစ်ခုဖြစ်ပါတယ်။
ကိုဗစ်-၁၉ အဖျားနဲ့ တုပ်ကွေးအဖျားတို့ အတူတူရာသီတစ်ခုတည်းမှာ ထပ်ဖြစ်နေရင် သိထားသင့်သည်များကို ဖော်ပြလိုပါတယ်။
၁။ ရောဂါလက္ခဏာများ
အမေရိကန်နိုင်ငံ National Syndrome Surveillance မှ ရောဂါလက္ခဏာစု လေ့လာရေးအဖွဲ့က အရေးပေါ်ဌာန ၅၃ ခုမှာ လေ့လာခဲ့ပါတယ်။ အဲဒီမှာ ကိုဗစ်-၁၉ နဲ့ ရာသီတုပ်ကွေးလက္ခဏာတို့ ဆင်တူတဲ့အချက်တွေ ရှိနေကြောင်း တွေ့ရှိရပါတယ်။ ကိုယ်ပူအဖျားတက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာစေးခြင်း၊ ကိုက်ခဲခြင်း၊ အသက်ရှူကျပ်ခြင်းဆိုတဲ့ လက္ခဏာစု (၅) မျိုး တုပ်ကွေးဆင်တူ လက္ခဏာများကို တွေ့ရပါတယ်။ တစ်ဖန် ကိုဗစ်-၁၉မှာ တုပ်ကွေးဆင်တူလက္ခဏာများအပြင် Severe Acute Respiratory illness(SARI)ခေါ် အလွန်ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ ကျပ်ခြင်းနဲ့ အသက်ရှူ မရခြင်းအထိ ပြင်းထန်တဲ့ လက္ခဏာဖြစ်ပွားတာကို တွေ့ရပါတယ်။ နယူးယောက်မြို့မှာ စာသင်ကျောင်းများကို ၁၆-၃-၂၀၂၀ ရက်နေ့ ကစပြီး ပိတ်လိုက်ပါတယ်။ ကျောင်းတွေမှာ ပိုးစစ်ဆေးတွေ့ရှိသူပေါင်း ၄၉၇၇ ဦးတောင်ရှိခဲ့တယ်လို့ သိရပါတယ်။ ဝါရှင်တန်ပြည်နယ် Nursing homes လူအိုရုံတွေမှာ စဖြစ်ပေမယ့် ဒေသဆိုင်ရာတို့က သေသေချာချာ ပိတ်ဆို့ထားနိုင်လို့ အခြေအနေဆိုးခဲ့ခြင်း မရှိဘူးတဲ့။ နယူးယောက်မှာတော့ အဲဒီလိုလုပ်တာ နောက်ကျခဲ့တာရယ်၊ pockets ခေါ် နေရာကွက်ကျား ဖြစ်တာတွေရယ် များလာတာကြောင့် အခုလို ပြန့်ပွားမှု များလာတာလို့ သုံးသပ်ကြပါတယ်။ မတ်လ ပထမအပတ်မှာကတည်းက နယူးယောက်မှာ ပိုးတွေ့သူ ၁၃ ဦးရှိနေခဲ့ပြီဖြစ်ပါတယ်။ ကူးစက်ခံရသူတို့မှာ အဆိုပါလက္ခဏာများအပြင် မျက်စိနာခြင်း၊ အနံ့မရခြင်း၊ ဗိုက်နာခြင်း၊ အလွန်နွမ်းနယ်ခြင်းတို့ကိုလည်း ခံစားရလေ့ရှိကြောင်း သိရပါတယ်။
၂။ ကူးစက်ခြင်း
အဖျားရောဂါနှစ်ခုလုံးက droplets အမှုန်အမွှားတွေကနေ ကူးစက်တတ်ပါတယ်။ ကူးစက်ခံနေရသူရဲ့ နှာခေါင်း၊ ပါးစပ်တို့ကထွက်တဲ့ အမှုန်တွေကို ရှူမိခြင်း၊ ထိတွေ့ကိုင်တွယ်မိခြင်း၊ နီးကပ်စွာ ထိတွေ့နေထိုင်မိခဲ့ခြင်း၊ အခန်းအတွင်း ၁၅ မိနစ်ခန့် အတူနေထိုင်မိခဲ့ခြင်း၊ စကားပြောမိခြင်းတို့ပင်လျှင် ကူးစက်နိုင်ကြောင်း ကိုဗစ်-၁၉ ကိုလေ့လာရင်း တွေ့ရှိရပါတယ်။ CDC ကူးစက်ရောဂါ ထိန်းသိမ်းရေးအဖွဲ့ကြီးရဲ့ လေ့လာမှုအရ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာနေထိုင်ခြင်းက ကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ကြောင်းလည်း သိရှိရပါတယ်။ ကူးစက်ခံနေရသူ ထိတွေ့ကိုင်တွယ်ထားတဲ့ တယ်လီဖုန်း၊ တံခါးလက်ကိုင် စသည်တို့ကနေလည်း ကူးစက်နိုင်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကလာတဲ့ မိသားစုတစ်ခုနဲ့ စားသောက်ဆိုင် အလုံခန်းအတွင်း အနီးကပ်စားပွဲမှာ အတူစားသောက်ခဲ့တဲ့ အခြားမြို့တစ်မြို့က မိသားစုကိုပါ ကူးစက်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာလေ့လာခဲ့ချက်အရ ကိုရိုနာဗိုင်းရပ်စ်များဟာ လူတစ်ဦးကနေ အခြား (၂-၂ ဒသမ ၅) ဦးတို့ထံ ကူးစက်နိုင်ပြီး တုပ်ကွေးပိုးက ၁ ဒသမ ၃ ဦးထံ ကူးစက်စေနိုင်ကြောင်းတွေ့ရပါတယ်။ မကြာမီ လေ့လာမှုများအရ ရိုနာဗိုင်းရပ်စ်ပိုး အကူးခံရသူအများစုတို့ဟာ ရောဂါပိုး ကူးစက်ခံနေရသော်လည်း Presymptomatic ခေါ်ရောဂါလက္ခဏာ မပြသေးသူများထံကနေ ကူးခံကြရခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။ ရောဂါလက္ခဏာများ မပြခင် အချိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်စွမ်း ကောင်းနေကြောင်း၊ တရုတ်နိုင်ငံမှာဆိုရင် ဒီလိုနည်းနဲ့ကူးစက်ခံရသူ ၁၃ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါတယ်။ တုပ်ကွေးမှာတော့ ကိုယ်ပူဖျားနာ ကိုက်ခဲမှုတွေစဖြစ်ပြီး ၃-၄ ရက်အကြာမှ တခြားသူဆီ ကူးစက်လေ့ရှိတာ တွေ့ရပါတယ်။
၃။ ရောဂါပြင်းထန်မှု
ကိုရိုနာပိုးကြောင့် အလယ်အလတ်ကနေ ပြင်းထန်မှုအထိ ၈၀ ရာခိုင်နှုန်းခန့် ရှိတတ်ပြီး ခံနိုင်ရည်ကောင်းရင် အိမ်မှာတင် ကောင်းသွားလေ့ ရှိတတ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ဖြစ်ပွားသူ ၂၀ ရာခိုင်နှုန်းတို့ကို ဆေးရုံတင် ကုသပေးရပါတယ်။ ဒီလိုဖြစ်ခြင်းဟာ တုပ်ကွေးထက် ကိုဗစ်က ၁၀ ဆပိုပြင်းထန်ကြောင်း ပြနေတာ ဖြစ်ပါတယ်။ အမေရိကန် CDC ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနကြီးရဲ့ အဆို အရ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရသူ ပေါင်းဟာ ငါးသိန်းခန့်(ဖြစ်ပွားသူပေါင်းရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်း) သာရှိကြောင်း သိရပါတယ်။ University of Texas, Austin's Dell Medical School က Dr.Parker Hudson ရဲ့ အဆိုအရ “အဖျားရောဂါနှစ်ခုလုံးအတွက် အဓိကသတိပြုရမည်မှာ အသက်ကြီးသူများ ဖြစ်ကြကြောင်း အသက် ၆၀ အထက် လူကြီးအများစုတို့ဟာ ဒီပိုးများရဲ့ဒဏ်ကို မခံနိုင်ကြကြောင်း” သိရပါတယ်။ အသက်ကြီးသူများသာမက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ပျက်စီးလွယ်သူများကို အောက်ပါအတိုင်းတွေ့ ရပါတယ် -
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါခံစားနေရသူများ- ဥပမာ ရင်ကျပ်ပန်းနာရောဂါ (Bronchial asthma) Chronic Obstructive Pulmonary Disease (COPD) ခေါ် နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့လေ့ရှိသူများ (လေပြွန်များပျက်စီးခြင်း၊ လေပြွန်များ ကျဉ်းမြောင်းခြင်း စသည်များ) emphysema အဆုတ်ပွပျက်စီးခြင်း၊ bronchitis ခေါ် လေပြွန်များရောင်ရမ်းခြင်း စသည့်ရောဂါများဖြစ်ပွားနေသူများ။
၂။ နာတာရှည်နှလုံးရောဂါဖြစ်ပွားနေသူများ- ဥပမာ Heart Failure ခေါ် နှလုံးကြွက်သား ပျက်စီးနေသူများ၊ နှလုံးခုန် မမှန်သူများ၊ နှလုံး စက်တပ်ထားရသူများ၊ နှလုံးသွေးကြောကျဉ်းသူများ၊ နှလုံးအဆို့ရှင်များဆိုင်ရာ ပြဿနာရှိသူများ စသည်ဖြင့်။
၃။ နာတာရှည်အသည်းရောဂါဝေဒနာရှင်များ - ဥပမာ အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာ ရောဂါရှင်များစသည်။
၄။ နာတာရှည်ကျောက်ကပ်ရောဂါရှင်များ - ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ထုတ်ထားရသူများ၊ ကျောက်ကပ် ဆေးနေရသူများ စသည်။
၅။ နာတာရှည် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါရှင်များ - ဥပမာ Parkinson's disease ပါကင်ဆင်သွက်ချာပါဒ ရောဂါရှင်များ၊လေဖြတ်ခံထားရသူများ၊ မွေးရာပါ ဦးနှောက်အာရုံကြောချို့တဲ့နေ သူများ စသည်။
၆။ ဆီးချိုရောဂါရှင်များ။(ဆီးချိုရောဂါကြောင့်၊ ခုခံအားစနစ်ကျဆင်းတတ်ပါတယ်)။
၇။ သရက်ရွက်ဆိုင်ရာ-ဥပမာ သရက်ရွက်ထုတ်ခံထားရသူများ၊ sickle disease ခေါ် သွေးရောဂါရှိသူများ။
၈။ ခန္ဓာကိုယ်၏ခုခံအားကျဆင်းနေသူများ-ဥပမာ HIV and AIDS ရောဂါရှင်များ၊ စတီးရွိုက်ဆေး ဥပမာ Prednisolone Dexamethasone စသည့်ဆေးများ ရေရှည်သုံးစွဲနေရသူများ၊ ခီမိုဆေးခေါ် ကင်ဆာဆေး ကုသမှုခံနေရသူများ စသည်။
၉။ အလွန်အမင်းအဝလွန်နေသူများ BMI index 40 နှင့်အထက် (ပုံမှန် BMI 18.5-24.9)။
၁၀။ အသက်၇၀နှင့်အထက်ရှိသူများ။
၁၁။ ကိုယ်ဝန်ဆောင်များ- ကိုယ်ဝန်ဆောင်များ ကူးစက်ခံရရင်အလွန်ပြင်းထန်တဲ့ အခြေအနေ ရောက်နိုင်ပါတယ်။ SARS, MERS စတဲ့အလားတူ ကိုရိုနာဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရစဉ်က ကိုယ်ဝန်ဆောင်များမှာ ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုများ ကြုံရတာကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များမှာ နှလုံးရောဂါအခံရှိသူများ၊ ကိုယ်တွင်းသန္ဓေသားတွင် မွေးရာပါ ချို့ယွင်းချက် ရှာတွေ့ထားသူများရှိနေရင် အထူးသတိပြုသင့်ပါတယ်။ ကိုယ်ဝန်ဆောင်များရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများက ဗိုင်းရပ်စ်ပိုးများ အသက်ရှူလမ်းကြောင်း ကူးစက်နိုင်မှုကို ဖြစ်လွယ် စေနိုင်တယ်လို့ သိရပါတယ်။
၁၂။ Extremely Vulnerable persons အလွန်အမင်းထိခိုက်လွယ်သူများ- ကိုယ်တွင်းအင်္ဂါ အစားထိုးထားရသူများ၊ ကင်ဆာရောဂါ ဖြစ်ပွားနေသူများ နှင့် ဆေးကုသမှုခံယူနေရသူများ
ကင်ဆာရောဂါ - မီမိုကင်ဆာဆေးဖြင့် ကုသခံနေရသူများ ဓာတ်ရောင်ခြည် ခံယူ ကုသခံနေရသူများ၊ အဆုတ်ကင်ဆာ ဖြစ်ပွားနေသူများ၊ သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီ ကင်ဆာရောဂါ ဖြစ်ပွားနေသူများ၊ လူကီးမီးယားခေါ် သွေး ကင်ဆာ၊ မိုင်ရီလိုးမား ကင်ဆာစသည်များ၊ Immunotherapy ခေါ် ခုခံအား ဆေးများဖြင့်ကင်ဆာရောဂါ ကုသခံနေရသူများ၊ PARP Inhibitors (protein kinase inhibitors) ခေါ် ကင်ဆာဆဲလ် တိုက်ရိုက်ကုသမှုစနစ် ခံယူနေသူများ၊ ခြောက်လအတွင်းရိုးတွင်းခြင်ဆီ သို့မဟုတ် stem cells ပင်မဆဲလ် အစားထိုး ခံယူမှုလုပ်ထားသူများ၊ အလွန်အမင်း ရင်ကျပ် ပန်းနာဖြစ်နေတတ်သူများ၊ အဆုတ်အတွင်း ပြင်းထန်စွာ ကျဉ်းမြောင်းနေမှုများ၊ မွေးရာပါနှလုံး၊ ဦးနှောက် အာရုံကြော ချို့ယွင်းနေသည့် ကလေးငယ်များ စသူတို့ဟာလည်း အလွန်အမင်း ထိခိုက်လွယ်သူများ ဖြစ်ကြပါတယ်။
သေဆုံးမှုကိုကြည့်ရင်လည်း တုပ်ကွေးရောဂါက အမေရိကန်နိုင်ငံမှာ လူတစ်ထောင်မှာ တစ်ယောက်နှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း၊ အခုကိုဗစ် - ၁၉မှာတော့ လူတစ်ထောင် ဆယ်ယောက်နှုန်း ၁၀ ရာခိုင်နှုန်း ဖြစ်နေတာကို တွေ့နိုင်ကြောင်း၊ ဒါကြောင့် ဘယ်အဖျားရောဂါက ပိုပြင်းထန်တယ်ဆိုတာ သိနိုင်ကြောင်း CDC ဌာနကြီးက ဆိုပါတယ်။
၄။ ကုသမှု
အဖျားရောဂါ နှစ်ခုလုံးက ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်ကြပါတယ်။ ပိုးကို သတ်နိုင်တဲ့ဆေးမရှိသေးပါဘူး။ တုပ်ကွေးကို Tamiflu တာမီဖလူးဆေးနဲ့ ကုသနိုင်နေပါတယ်။ ဒီဆေးက ပိုးတွေဆက်မပွားနိုင်အောင် ရပ်တန့်နိုင်တဲ့အပြင် ဖြစ်ပွားမှုကိုလည်း မပြင်းထန်အောင် တားဆီးနိုင်ပါတယ်လို့ Dr.Meghan Freeman, Hospital of Pittsburg အမေရိကန်အထူးကု ဝန်ကြီးကဆိုပါတယ်။ လူရဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဆေးကုသမှုများလည်းရှိနေကြောင်း သိရပါတယ်။ Dr. Faucci, Director of NIAID က “အီဘိုလာ ကူးစက်ရောဂါမှာသုံးခဲ့တဲ့ Remdesevir, အဆစ်နာရောဂါနဲ့ ငှက်ဖျားရောဂါအတွက်သုံးတဲ့ Chloroquine ကလိုရိုကွင်းဆေးတို့ကို ကိုဗစ် ၁၉ အတွက် ဦးစားပေးဆေးများအဖြစ် စိတ်ဝင်စားကြပါတယ်။ WHO ကလည်း ဆက်လက်လေ့လာလျက်ပါ” လို့ဆိုပါတယ်၊ တိကျတဲ့ဆေးကုသမှု မရှိသေးတာဖြစ်ပါတယ်။ ဒီပိုးဟာ အသစ်ဖြစ်တာမို့ သူ့အကြောင်း သိရှိသင့်တာများစွာ ရှိနေပါသေးတယ်။
၅။ ကာကွယ်ဆေးများ
ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးက အနည်းဆုံးအချိန်တစ်နှစ် လောက်ပေးရလိမ့်ဦးမယ်လို့ Dr.Faucci က ဆိုပါတယ်။ ဆေးက လုံခြုံစိတ်ချရမှုရှိ မရှိကို ၃-၄ လစောင့်ရပါမယ်။ နောက် ၈ လလောက်က ထိရောက်မှု ရှိ မရှိကို စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုအခါ အရှိန်ပြင်းစွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အရှိန်မြှင့်စမ်းသပ်မှုများကို မတ်လ ဒုတိယအပတ်မှာကတည်းက စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
တုပ်ကွေးကာကွယ်ဆေးတွေကတော့ ၁၉၃၀ ပြည့်နှစ်များထဲကတည်းက အမေရိကန် တပ်ဖွဲ့များမှာ သုံးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက သိပ်အသုံးဝင်ခဲ့ကြောင်း သိရပါတယ်။ သို့သော် ကာကွယ်ဆေးကို တစ်နှစ်တစ်ခါပြောင်း ပေးရပါတယ်။ ပိုးရဲ့ သဘာဝအနေအထားက ပြောင်းနေတာမို့ပါ။ ကမ္ဘာ့ဒေသ အလိုက်ရှိနိုင်မယ့်ပိုးကို ပညာရှင်များက တွက်ချက်ပြီး ထုတ်ဖော်ရပါတယ်။ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုက ၄၅ ရာခိုင်နှုန်းမျှ ရှိကြောင်းသိရပါတယ်။ ယခုနှစ် တုပ်ကွေးရာသီမှာ အမေရိကန်နိုင်ငံအတွက် ကာကွယ်ဆေးသန်း ၁၆၀-၁၇ဝ ခန့် အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မိုးရာသီနဲ့အတူ အဖျားအနာများ ထူပြောလာနိုင်ပါတယ်။ ဖျားနာတာကလည်း ဖြစ်နေကျ တုပ်ကွေးနဲ့ ဒုက္ခပေးနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြီးတို့ တိုက်ဆိုင်နေချိန်ဖြစ်ပါတယ်။ အများပြည်သူတို့ ပိုသတိ ထားကြရပါမယ်။ မိမိကစပြီး သတိရှိရှိ အသိရှိရှိနဲ့ ကာကွယ်ကြရပါမယ်။ မိမိကြောင့် မိမိရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကိုသာမက တစ်နိုင်ငံလုံးအထိပါ ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ သက်ဆိုင်ရာများက ညွှန်ကြား ထားချက်များစွာကို တိကျစွာလိုက်နာကြဖို့ အရေးကြီးပါတယ်။ “ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာမြေပေါ်တွင် တုပ်ကွေးရောဂါကဲ့သို့ ဆက်လက်တည်ရှိ နေဦးမည်။ ယင်းသည် ဒုတိယလှိုင်းတံပိုးကြီး တစ်ခုအဖြစ် ရောက်ရှိလာလိမ့်ဦးမည်။ တုပ်ကွေးရောဂါနှင့် ပေါင်းပြီး လူသားများကို ဒုက္ခပေးလိမ့် ဦးမည်” စတဲ့ ထင်မြင် တွေးဆမှုများကိုလည်း တွေ့ရပါတယ်။ မည်သို့ဆိုစေ ကျွန်တော်တို့နိုင်ငံသားအားလုံး ညီညွတ်စွာ ဆောင်ရွက်တားဆီးနိုင်ဖို့လို အပ်ပါတယ်။ ကမ္ဘာကြီးရဲ့ ဖောက်ပြန်လာတဲ့ အခြေအနေဆိုးကို ကောင်းစွာ တုံ့ပြန်နိုင်ဖို့သာ အဓိကဖြစ်ပါကြောင်း။
မြန်မာ့အလင်း


