ရန်ကုန် ဒီဇင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၃ ရက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ ကျင်းပသည်။

 

ဦးစွာပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ သန်လျင်ခရိုင် လက်ထောက်ပညာရေးမှူး ဦးယောဟန်၊ သုံးခွမြို့နယ် အထက (၁) မိဘဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အဖွဲ့သည် ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား ကျောင်းသူများအတွက် သုတရသစာအုပ်လှူဒါန်း ငွေကျပ် သိန်း ၃၀ အား ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)