သုံးခွ ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သဲမာထွေးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသင်းနန္ဒာဆွေက ကလေးပြိုင်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မွေးကင်းစမှ ခြောက်လအထိ၊ ခြောက်လမှ တစ်နှစ်အထိ၊ တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကလေးပြိုင်ပွဲနှင့် ကလေးအမြွှာမွေးဖွားသူသားကောင်းမိခင်ဆုတို့ကို ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


