နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

ထိုင်းနိုင်ငံမှစိစစ်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၁၃၃ ဦးသည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)မှတစ်ဆင့် မြဝတီမြို့၊ ကျောက်လုံးကြီး စခန်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ပထမအသုတ်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းလျက် စနစ်တကျစိစစ်ပြီး ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် တတိယအကြိမ်အဖြစ် စိစစ်ပြီး နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၅၇၅ ဦးအား ကရင်ပြည်နယ်၊ မြဝတီဂိတ်နှင့် ကယားပြည်နယ်၊ မယ်စယ့်ဂိတ်တို့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အတွင်း ပြန်လည်လက်ခံသွားမည်ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယအသုတ်အဖြစ် စိစစ်ပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၂၆၀ ဦးသည် ကယားပြည်နယ်၊ မယ်စယ့်ဂိတ်နှင့် ကရင်ပြည်နယ်၊ မြဝတီဂိတ်တို့မှလည်းကောင်း၊ တတိယအသုတ် ၁၈၂ ဦးသည် ကရင်ပြည်နယ်၊ မြဝတီဂိတ်မှလည်းကောင်း ဆက်လက်ဝင်ရောက်လာကြမည်ဖြစ်သည်။

 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား စိစစ်လက်ခံဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားရှိသည့် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လပထမပတ်အတွင်း ကျင်းပသွာရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)

 

ge 5307642