ဗန်ကောက် ၂၄ အောက်တိုဘာ

 

ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ကြင်ရာတော်အား ချီးမြှင့်အပ်နှင်း ထားသော ဘွဲ့များကို ပြန်လည်ရုပ်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် တော်ဝင်နန်းတွင်း အဆင့်မြင့် အရာရှိခြောက်ဦးအား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက် တစ်ရပ်အရ အဆိုပါအဆင့်မြင့်အရာရှိများသည် ၎င်းတို့၏ ရာထူးအာဏာများကို အသုံးချပြီး အကျိုးစီးပွားရှာနေကြသည်ဟု စွပ်စွဲကာ ၎င်းတို့အား ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ရဲအရာရှိတစ်ဦး၊ တော်ဝင်နန်းတော် အစောင့်နှစ်ဦးနှင့် သူနာပြုတစ်ဦးတို့ပါဝင်ကြသည်။

 

အောက်တိုဘာ ၂၂ ရက်တွင် သူ၏ကြင်ရာတော် ဆီနီးနတ်ဝေါင်ဗာဂျ ရာပါတ်ဒီသည် သစ္စာစောင့်သိမှုမရှိခြင်းအပြင် မလျော်ကန်သောအပြုအမူများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် ၎င်းအားအပ်နှင်းထားသော ဘွဲ့များကို ဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက ပြန်လည်ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ဘုရင် မဟာဗာဂျီရာလောင်ကွန်းက ကြင်ရာတော် ဆီနီးနတ်ဝေါင်ဗာဂျရာ ပါတ်ဒီအား သစ္စာစောင့်သိသော တော်ဝင်မိဖုရားဘွဲ့ကို ဇူလိုင်လတွင် အပ်နှင်းခဲ့သည်။ သို့သော် ၎င်းအနေဖြင့် သူ့အားချီးမြှင့်ထားသော ဘွဲ့ကို ရောင့်ရဲတင်းတိမ်မှု မရှိသည့်အပြင် မိဖုရားခေါင်ကြီး၏နေရာကို ရရှိရန် ကြိုးပမ်းလျက်ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

 

ကြင်ရာတော်အား ပေးအပ်ထားသောဘွဲ့ကို ပြန်လည်သိမ်းယူခြင်းနှင့် နန်းတွင်းအဆင့်မြင့်အရာရှိများ ရာထူးမှ ဖယ်ရှားခဲ့ခြင်းတို့မှာ ဆက်စပ်မှု ရှိ၊မရှိဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်