ရန်ကုန် ၉ မတ်
ထွန်းဖောင်ဒေးရှင်း စာပေကော်မတီက ကြီးမှူးကျင်းပသည့် ထွန်းဖောင်ဒေးရှင်း စာပေဆု (၂၀၁၈) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၂) စည်ပင်လမ်းသစ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း အဆောက်အအုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ပွဲကို ယခုနှစ်ဆိုလျှင် သုံးနှစ်ဆက်တိုက် တက်ရောက်ရသည့်အတွက် အထူးဝမ်းသာပါကြောင်း၊ စာပေနှင့် ပတ်သက်သည့် အခမ်းအနားကို စိတ်ဝင်စားပြီး ယခုလို အခမ်းအနား ဖြစ်မြောက်ခြင်းကို အင်မတန် ဝမ်းသာပါကြောင်း၊ ရေးသားပြုစုကြသည့် စာပေပညာရှင်များ ဆုရရှိမှုများကို မုဒိတာ ပွားပါကြောင်း။
ဆရာမောင်ခင်မင် (ဓနုဖြူ)၏ ဆုရပုဂ္ဂိုလ်များ၊ ဆုရစာအုပ်များနှင့် ပတ်သက်ပြီး သုံးသပ်ချက်များကို နှစ်တိုင်း နားထောင်ရပြီး စာအုပ်စာပေသုံးသပ်မှုတွင် အင်မတန် ကောင်းမွန်ပါကြောင်း၊ ထွန်းဖောင်ဒေးရှင်း စာပေဆုများနှင့်ပတ်သက်ပြီး သုံးသပ်ထားသည့် စာအုပ်တစ်အုပ် ထုတ်သင့်ပါကြောင်း၊
တစ်ခါတစ်ရံမှာ စာအုပ်တစ်အုပ်လုံး မဖတ်နိုင်သည့်အခါ စာအုပ်သုံးသပ်ချက်ကို ဖတ်ကြည့်ရုံမျှဖြင့် စာပေအသိ အတန်အသင့်ရ၍ တန်ဖိုးရှိပါကြောင်း။
ထွန်းဖောင်ဒေးရှင်းက စာပေဆုချီးမြှင့်တာ (၁၃)ကြိမ်ရှိပြီဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆုများကို ချီးမြှင့်ပါကြောင်း၊ ထို့အပြင် ပြင်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက ချီးမြှင့်သည့် ထွန်းဖောင်ဒေးရှင်း၊ ဆရာဝန်တင်ရွှေ၊ ပခုက္ကူ ဦးအုန်းဖေ၊ သုတစွယ်စုံဆု စသည်တို့ရှိကြပါကြောင်း၊ သူ့အတိုင်းအတာနှင့်သူ တန်ဖိုးရှိကြသည်ဟု မြင်ပါကြောင်း။
ယနေ့တွင် ဆုရရှိသူများကို ထွန်းဖောင်ဒေးရှင်းက အသိအမှတ်ပြုသကဲ့သို့ မိမိကလည်း စာပေသမားတစ်ဦး၊ စာဖတ်သူတစ်ဦးအနေဖြင့် လေးစားအသိအမှတ်ပြုပါကြောင်း၊ ဆက်လက်ပြီး စာကောင်းပေမွန်များကို ပြုစုနိုင်ကြပါစေ၊ ထွန်းဖောင်ဒေးရှင်း အနေဖြင့်လည်း ထိုက်ထိုက်တန်တန်ဆုများ ဆက်လက်ချီးမြှင့်နိုင်ပါစေ၊ ဆုရေးချယ်ရေး အဖွဲ့ဝင်များလည်း သက်ရှည်ကျန်းမာပြီး ထိုက်တန်သော စာအုပ်များကို ဆုချီးမြှင့်သည့်တာဝန်များကို ပြည့်ပြည့်ဝ၀ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ၊ ထွန်းဖောင်ဒေးရှင်းစာပေကော်မတီ နာယက ဦးသိန်းထွန်းက နှုတ်ခွန်းစကားပြောကြားသည်။
ယင်းနောက် ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ဆုရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်အကျဉ်းကို တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရ ဆရာကြီး ဒေါက်တာဦးမြင့်၊ စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ (၉၉) ချက် စာအုပ်ဖြင့် ဆုရရှိသူ ဒေါက်တာခင်စန်းမော်နှင့် ဘဝလက်တွဲ ဖော်အစစ် ပရိုဘိုင်အိုတစ် စာအုပ်ဖြင့် ဆုရရှိသူ ဒေါက်တာခင်မောင်လွင် (FAME) တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ထွန်းဖောင်ဒေးရှင်းစာပေကော်မတီ နာယက၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက စာအုပ်ဆုရရှိကြသည့် ခေတ်အဆက်ဆက် အနုပညာရှင် ဗိုလ်ကလေးတင့်အောင် စာအုပ်ရေးသားသူ မောင်ဆွေသက်၊ ဖောင်နန်းစကြာ ရတနာနှင့် စွယ်စုံသုံးနည်းပညာများ စာအုပ်ရေးသားသူ မောင်နိုင် (ဒဿနိက)၊ မဟာ ပိန္နဲနတ်နှင့် မြန်မာ့ယဉ်ကျေးမှု စာအုပ်ရေးသားသူ မြန်စာမြေသိန်းလွင်၊ Amnesty-Winning Poems During Myanmar Monarchy စာအုပ် ရေးသားသူ Meiji Soe ၊ ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် အဿဘေဒကျမ်း စာအုပ်ရေးသားသူ လှိုင်ထွန်းနိုင်၊ ပန်းရွှေပြည် စာနိဒါန်း စာအုပ်ရေးသားသူ ဦးအေးချို (မဟာဝိဇ္ဇာ)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးများ စာအုပ်ရေးသားသူ ဝင်းချစ် (အမျိုးသားစာပေဆုရ)၊ ကြက်ပေါက်လေးရဲ့ စွန့်စားခန်း စာအုပ်ရေးသားသူ မသဇင် နှင့်သရုပ်ဖော်ပန်းချီ နော်လ်အိမ်ခန့်၊ လူငယ်များအတွက် သိပ္ပံသုတစာအုပ် ရေးသားသူ ကျော်ဝင်းဟိန်း (ပခုက္ကူ)၊ ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀-၂၀၂၀)စာအုပ်ရေးသားသူ ဒေါက်ကျော်ဝင်း သမိုင်းပါမောက္ခ(ငြိမ်း)၊ My Anthology စာအုပ်ရေးသားသူ Aye Phyu ၊ မတည်ငြိမ်သော ဤကမ္ဘာမြေနှင့် ကမ္ဘာမြေသမိုင်း စာအုပ်ရေးသားသူ ဘူမိလုလင် (ပဲခူးဆောင် ကျောင်းသားဟောင်းတစ်ဦး)တို့အား လည်းကောင်း၊ စာမူဆုရရှိကြသည့် အင်္ဂလိပ်မင်း ဒုတိယမြောက် ဂျော့ဘုရင်ထံသို့ ပေးပို့သော မြန်မာမင်း အလောင်းမင်းတရား၏ ရွှေပေစာ (၇ မေ ၁၇၅၆) စာအုပ်ရေးသားသူ ဒေါက်တာကျော်ဆွေဦး၊ Myanmar-Japan War Reparation Issue စာအုပ်ရေးသားသူ Dr. Daw Myint Kyi ၊ ဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ် မြန်မာ့သင်ဖြူးဖျာလုပ်ငန်း စာအုပ်ရေးသားသူ ထိန်လင်း (မန်းတက္ကသိုလ်)၊ Research Journey Through Bronze Age Culture of Myanmar စာအုပ် ရေးသားသူ Dr. San Win (Archaeology)၊ ချစ်သားဆရာ လောင်းသို့ ပေးစာများ စာအုပ်ရေးသားသူ နိုင်သောင်းထွဋ်၊ သိပ္ပံပညာများ၏ သမိုင်းစာအုပ်ရေးသားသူ ဦးလှမြင့်နှင့် အာဆီယံ နှစ် (၅၀) ခရီး စာအုပ်ရေးသားသူ တက္ကသိုလ် ဟန်စိုးဦး တို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ထွန်းဖောင်ဒေးရှင်းစာပေကော်မတီ နာယက ဦးသိန်းထွန်းက ကော်မတီဝင်များကိုယ်စား ဒေါ်မြမြသန်း (ဆရာမ မနှင်းဖွေး) အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာပေဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယနေ့ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ထွန်းဖောင်ဒေးရှင်းစာပေကော်မတီမှ ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုအတွက် ချီးမြှင့်ငွေ ငွေကျပ် သိန်း (၂၀)နှင့် သုံးမတ်သား ရွှေတံဆိပ်၊ စာအုပ်ဆု (၁၄) ဆုအတွက် တစ်ဆုလျှင် ငွေကျပ် (၁၅)သိန်းနှင့် ငါးမူးသားရွှေတံဆိပ်၊ စာမူဆု (၇) ဆုအတွက် တစ်ဆုလျှင် ငွေကျပ်(၇) သိန်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


