မင်းဘူး  ၃၁  မေ 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေတွင် ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd.၏ CSR လုပ်ငန်း အစီအစဉ်အရ မန်းရေနံမြေ ဒေသခံပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ မန်းရေနံမြေဒေသခံပြည်သူများ၊  အမှိုက်ကောက်သူရဲကောင်းအဖွဲ့ မင်းဘူး (Trash Hero Minbu) နှင့် ပူးပေါင်း၍ မင်းဘူးမြို့တွင်း သတ်မှတ်နေရာများတွင် အမှိုက်ကောက်လှုပ်ရှားမှုကို ယမန်နေ့ ညနေပိုင်း မင်းဘူးမြို့တွင် ကျင်းပ ပြုလုပ်သည်။ 

 

1

 


အဆိုပါ အမှိုက်ကောက်လှုပ်ရှားမှု အစီအစဉ်သို့ Trash Hero Myanmar ၏ Country Coordinator နှင့်အတူ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁)နှင့်(၂) ၊ မင်းဘူး(စကု)မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေ အထွေထွေမန်နေဂျာနှင့် ဌာနမှုးများ၊ MPRL E&P Pte Ltd. နှင့် Myint & Associates Co., Ltd. ကုမ္ပဏီတို့မှ  မန်းရေနံမြေရုံး အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ CSR ဝန်ထမ်းများ၊ ဒေသခံ စေတနာ့ ဝန်ထမ်းများ၊ ကျေးရွာ (၈) ရွာမှ အမှိုက်ကောက်သူရဲကောင်းများ၊ မင်းဘူးမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့သည်။ 


MPRL E&P အနေဖြင့် မန်းရေနံမြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေနံမြေတခွင် သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရေရှည်ဆောင်ရွက်နိုင်မည့် အစီအမံများဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မန်းရေနံမြေ ဒေသခံများ ဦးဆောင်သည့် ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းစနစ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် မင်းဘူးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်တွင် မပါရှိသော ကျေးရွာ (၈) ရွာတွင်ကနဦး စီမံချက်အဖြစ် စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လမှ စတင်၍ အဆိုပါစီမံချက်ကို ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ရန် MPRL E&P က ရေရှည်ဆောင်ရွက်နိုင်မည့် အစီအမံများ ပံ့ပိုးခြင်းဖြင့် မင်းဘူးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်း မပါရှိသည့် မန်းရေနံမြေနှင့် ထိစပ်ကျေးရွာ ကျေးရွာ (၁၂) ရွာတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 


ထို့ပြင် ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းစနစ် ကနဦး စတင်သည့် စီမံချက် ကာလအတွင်း မန်းရေနံမြေတခွင်တွင် စွန့်ပစ်အမှိုက် ကင်းစင်ရေး လှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် အမှိုက်ကောက်သူရဲကောင်းအဖွဲ့ -မင်းဘူးနှင့် ပူးပေါင်း၍ မကြီးချောင်းမှ မန်းရေနံမြေ အဝင်အထိ စုစုပေါင်းအင်အား (၄၈၄) ဦးဖြင့် အမှိုက်တန်ချိန် စုစုပေါင်း (၅ ဒသမ ၈၉) တန်အထိ ကောက်ယူရှင်းလင်းနိုင်ခဲ့သည်။ 


မြန်မာနိုင်ငံရှိ ကုန်းတွင်းရေနံ ထုတ်လုပ်သည့် ရေနံမြေများတွင်  ရေနံအထွက်တိုးရေး လုပ်ငန်းစီမံချက်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပေးသည့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလိုက်နာ ဆောင်ရွက်မှု သက်သေခံလက်မှတ် ( Environmental Compliance Certificate) ကို ပထမဆုံးရရှိသည့် ရေနံမြေဖြစ်သည်။ ထို့ပြင် မန်းရေနံမြေတွင် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် MPRL E&P သည် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံလုပ်ကွက်များတွင် ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသားပိုင် မြန်မာစွမ်းအင်ကုမ္ပဏီ တစ်ခုဖြစ်သည်။  


သတင်းစဉ်