မာဦး(သီးနှံကာကွယ်ရေး)
မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် လတ်တလော ကြားဖူးနားဝရှိလာသော စကားလုံးနှစ်လုံးမှာ ကိုဗစ်နိုင်တင်း (Covid-19)နှင့် ကွာရန်တင်း (Quarantine) ဟူသည့် စကားလုံးနှစ်လုံး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါသည် ၎င်းရောက်ရှိရာအရပ်၌ လူကို ဒုက္ခပေးသည့် ရောဂါဖြစ်ကြောင်းနှင့် ကွာရန်တင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိအောင် ဥပဒေပြဋ္ဌာန်းချက်များ ထုတ်ပြန်ပြီး တားဆီးသော လုပ်ငန်းစဉ် ဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်နေကြပြီ ဖြစ်ပါသည်။
ယခုအချိန်သည် Plant Quarantine လုပ်ငန်းနှင့် ၎င်းလုပ်ငန်းကို မည်သည့်အတွက်ကြောင့် ဆောင်ရွက်ရသည်၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် မည်သည့် အကျိုးကျေးဇူးရရှိလာမည် စသည့် အကြောင်းအရာများကို အပင်နှင့်အပင်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခြင်းလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သော လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် အခြားဆက်စပ် ပတ်သက်မှုရှိတတ်သော လူများအား သဘောပေါက်အောင် ရှင်းပြရန် အကောင်းဆုံးအချိန်ဖြစ်မည်ဟု ယူဆမိသောကြောင့် ယခုဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။
၁၉ ရာစု အစောပိုင်းကာလတွင် အမေရိကန် ပြည်ထောင်စုမှ စတင်လုပ်ဆောင်ခဲ့သော Quarantine လုပ်ငန်းကို တိုးတက်သော နိုင်ငံများအားလုံး၌ အရှိန်အဟုန်ဖြင့် ဖွဲ့စည်း ဆောင်ရွက်နေကြပါသည်။ Human Quarantine, Animal Quarantine နှင့် Plant Quarantine ဟူသော Quarantine အမျိုးအစား သုံးမျိုးရှိသဖြင့် ညီအစ်မသုံးဖော် (3 Sisters) ဟုလည်း ဆိုကြပါသည်။
Covid- 19 Quarantine လုပ်ခံရမည်ကိုကြောက်သောနိုင်ငံသားများ၊ မလိုက်နာသောသူများ၊ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများကို အသိမပေး ခိုးဝှက်ပြီးနေထိုင်ကြရာမှ အချိန်လွန် ရောဂါထပ်တွေ့၊ ကူးစက်ပျံ့နှံ့ပြီး မလိုလားအပ်သော ဆိုးကျိုးများနှင့် အပြစ်မဲ့ ပြည်သူများအား Covid-19 ၏ ဒုက္ခပေးတာကိုလည်း တွေ့နေကြပြီဖြစ်ပြီး Quarantine ၏ အကာအကွယ်ကိုလည်း ရယူချင်နေကြပြီ ဖြစ်ပါသည်။
ဖျက်ပိုးများ မဝင်ရောက်စေနိုင်သော Plant Quarantine
နိုင်ငံခြားမှ ပြန်လာသည့်သူများ၊ Covid-19 ရောဂါသယ်ဆောင်သူများနှင့် ဆက်စပ်ထိတွေ့မိသည့် သူများအား Quarantine Camp ၌ သီးခြားထား၍ စောင့်ကြည့်သကဲ့သို့ သီးနှံပင်များတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများကို ပြည်ပမှ ဝင်ရောက်မှုမရှိစေရန် ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်နေသည့် Plant Quarantine လုပ်ငန်းအား ပူးပေါင်းလိုက်နာဆောင် ရွက်ရမည့် အချက်များကို သတိမထားမိကြဘဲ အတားအဆီး အနှောင့်အယှက်ပေးသော လုပ်ငန်းစဉ်တစ်ခုဟု ယူဆတတ်ကြပါသည်။ ဖျက်ပိုးများ ဝင်ရောက်လာမှုမရှိစေရန် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းများကို လုပ်ဆောင်မှုမရှိဘဲ စိုက်ပျိုးသီးနှံများတွင် ကျရောက်သော ဖျက်ပိုးများအား ဓာတုပိုးသတ်ဆေး မျိုးစုံသုံး၍ နှိမ်နင်းခြင်းကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေကြပါသည်။ အကျိုးဆက်ရလဒ်အနေ ဖြင့် စိုက်ပျိုးထွက်ကုန်များတွင် ဓာတုဓာတ်ကြွင်းများပါဝင်ခြင်းကြောင့် နိုင်ငံ၏ လယ်ယာထွက်ကုန်များ ဈေးကောင်းရရှိခြင်း မရှိသည်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။
နိုင်ငံခြားမှ တင်သွင်းသည့် အပင်နှင့် မျိုးစေ့များ၊ သီးနှံများကို Quarantine လုပ်ဆောင်ရန် ကျွန်တော်တို့ နိုင်ငံတွင် စိတ်ဝင်စားမှုနည်းပါးကြပါသည်။ တိုးတက်သောနိုင်ငံတိုင်း၌ ၎င်းတို့နိုင်ငံတွင် မရှိသေးသော ဖျက်ပိုများနှင့် စီးပွားရေးအရ ပျက်စီးဆုံးရှုံးစေနိုင်သော ဖျက်ပိုး များကို(Quarantine Pest- တားဆီးထိန်းချုပ်ရန် လိုအပ်သောဖျက်ပိုးများအဖြစ် သတ်မှတ်ပြီး မိမိနိုင်ငံထဲသို့ လုံးဝ (လုံးဝ) အဝင်မခံရအောင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်၊ တင်းကျပ်သော ဥပဒေ၊ စည်းမျဉ်းများနှင့် ဆောင်ရွက် နေကြပါသည်။
လူသားတွေအားလုံး ကြောက်စရာကောင်းသည့် ကူးစက်ပြန့်ပွားရောဂါများကို ကာကွယ်ထိန်းချုပ်ရန် Human Quarantine လုပ်ငန်းရှိသကဲ့သို့ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးအတွက် အရေးကြီးသော အပင်နှင့် မျိုးစေ့များ နိုင်ငံခြားမှ တင်သွင်းမှုမှာလည်း Plant Quarantine လုပ်ငန်းကို နိုင်ငံတိုင်းတွင် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၁၄ ခုနှစ်ကတည်းက ရှိပြီးသည့် ဥပဒေတစ်ခုဖြစ်သည့် Insect & Pest Act ဥပဒေ ကို နိုင်ငံတကာနှင့်အညီ အသစ်ပြဋ္ဌာန်းနိုင်ရေးအတွက် FAO မှ ပညာရှင်တစ်ဦးဖြစ်သော Dr. Osmo Revinon ၏ အကူအညီကို ရယူရေးဆွဲပြီး၁၉၉၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ၌ Plant Pest Quarantine Law ကို ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ ၌ သီးနှံပိုးမွှား ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေဖြင့်(By Law) တားဆီး ပိတ်ပင်ခြင်း၊ သက်သေခံလက်မှတ်များ (Certification) အပြန် လှန်ထုတ်ပေးခြင်း၊ တင်သွင်းချိန်လွန် ပိုးမွှားရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်း (Post Entry Quarantine) များကို ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၃ ခုနှစ် ဥပဒေ မပြဋ္ဌာန်းမီကပင် ၁၉၈၉ ခုနှစ်မှစပြီး နိုင်ငံကိုယ်စားပြု အမျိုးသား သီးနှံကာကွယ်ရေးအဖွဲ့အစည်း (NPPO) အဖြစ် စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသော လုပ်ငန်း
Plant Quarantine လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်း လုပ်ဆောင်ရသည့် လုပ်ငန်းမျိုး မဟုတ်ဘဲ နိုင်ငံတကာနှင့် ဆက်သွယ်ညှိနှိုင်းလိုက်နာ အတူတကွဆောင်ရွက်ရသော လုပ်ငန်းမျိုး ဖြစ်ပါသည်။ IPPC (International Plant Protection Convention) သည် ကမ္ဘာ့ အပင်အရင်းအမြစ်များအား ဖျက်ပိုးများ နိုင်ငံဖြတ်ကျော်ဝင်ရောက် ပျံ့နှံ့ဖျက်ဆီးခြင်းမှ ကာကွယ်ရန်နှင့် ဘေးကင်းလုံခြုံသော ကုန်သွယ်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများ၏အစိုးရများမှ အတူတကွညှိနှိုင်း ပူးပေါင်းချမှတ်ပြီး လိုက်နာဆောင်ရွက်မည်ဟု အဖွဲ့ဝင်အဖြစ် ပါဝင်ကာ လက်မှတ်ရေးထိုးထားသော သဘောတူညီချက် ဖြစ်သည်။
The 183 signatories adhere to the Convention. (23 Oct 2019) Source: FAO legal website
၁၉၅၁ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့တွင် အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ (Food and Agriculture Organization - FAO) ၏ အစည်းအဝေးတွင် IPPC (International Plant Protection Convention) ကို ဆောင်ရွက်နိုင်ရန် ချမှတ်ခဲ့ ပြီး ၁၉၅၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ ပါဝင် သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။ ။
အဖွဲ့ဝင်နိုင်ငံများအားလုံး တစ်ပြေးညီလိုက်နာရန် အတွက်လည်း အပင်ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ ကျင့်သုံးဆောင်ရွက်ရမည့်နည်းလမ်း များအတွက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ (International Standard for Phytosanitary Measures - ISPMS) ကိုလည်း (ISPM-43) အထိ ပြဋ္ဌာန်းရေးဆွဲပြီးဖြစ်ပါသည်။ နိုင်ငံတကာနှင့် ကုန်သွယ် မှုပြုရာတွင် အပင်နှင့်အပင်ထွက် ပစ္စည်းများအတွက်ချမှတ်ထားသော စံချိန်စံညွှန်းများ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ကြရပါသည်။
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်၌ ပြဋ္ဌာန်းထားသော အပင်ပိုးမွှားကာကွယ်သည့် ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြစ်စေရန်အတွက် အသစ်ပြန်လည် ရေးဆွဲထားသော အပင်နှင့် အပင်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာ ဥပဒေသစ်ကို အတည်ပြုနိုင် ရေးကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။
ဤနေရာတွင် မည်သည့်အတွက်ကြောင့် နိုင်ငံတကာ၌ Plant Pest Quarantine အား တင်းတင်း ကျပ်ကျပ်ဆောင်ရွက်ကြသည်ကို ရှင်းလိုပါသည်။ ။
မိမိနိုင်ငံ၌ မရှိသေးသည့်ဖျက်ပိုးများရှိသော်လည်း များစွာပြန့်ပွားမှု မရှိသေးသည့်ဖျက်ပိုးများ၊ နိုင်ငံထဲ ရောက်လာလျှင် မည်သည့်အချိန်တွင် ဆိုးရွားစွာဖျက်ဆီးမှုများ ရှိလာမည်ဆိုသည်ကို မသိနိုင်သည့် ဖျက်ပိုးများ အတွက် Quarantine ကို ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ဖျက်ပိုးများသည် စားသောက်ရန် ကုန်သွယ်သည့် သီးနှံထွက်ကုန်များ၊ စိုက်ပျိုးရန်ကုန်သွယ်သည့် အပင်နှင့် မျိုးစေ့များ၊ မျိုးပိုင်းများ၊ ၎င်းတို့ကို သယ်ဆောင်လာသည့်ယာဉ်၊ တိရစ္ဆာန်၊ container ထုပ်ပိုးပစ္စည်းများနှင့် အတူပါလာတတ်ကြပါသည်။ မျိုးအသစ်လက်ဆောင် ပေးခြင်း၊ တင်သွင်း/တင်ပို့ခြင်း၊ စားနပ်ရိက္ခာ အကူညီပေးခြင်း (သာဓကအားဖြင့် အာဖရိကနိုင်ငံတစ်ခုတွင် စားနပ်ရိက္ခာပြတ်လပ်သဖြင့် စားနပ်ရိက္ခာပံ့ပိုးရန်အတွက် အကူအညီပေးသော ပြောင်းဖူးမှုန့်များကို စစ်ဆေးခြင်း မပြုဘဲ လက်ခံခဲ့သည့်အတွက် ပြောင်းမှုန့်တွင်ပါလာသော ဖျက်ပိုးတစ်မျိုးကြောင့် နောင်တွင် ၎င်းနိုင်ငံထဲ၌ အဆိုပါ ပိုးပျံ့နှံ့ပြီး ဆုံးရှုံးမှုများ အကြီးအကျယ်ဖြစ်ကာ တကယ့်ကို အငတ်ဘေး ဆိုက်သွားခဲ့ဖူးသည်။ )တို့ကြောင့်လည်း ကိုယ့်နိုင်ငံမှာ မရှိသေးသော ဖျက်ပိုးများသည် နိုင်ငံထဲ ဝင်ရောက်လာနိုင်ပြီး အခြေချခွင့်ရသွားကြသည်။ ဝင်လာပြီးနောက်ပိုင်းတွင် အကျိုးဆက်အားဖြင့်
- ဖျက်ပိုးကိုနှိမ်နင်းနိုင်သည့် သဘာဝ သားရဲကောင်များ မရှိသေးသည့်အတွက် အထိန်းအကွပ်မဲ့ ပေါက်ပွားမည်။
- ကိုယ့်နိုင်ငံ ရာသီဥတုအခြေအနေသည် ဖျက်ပိုးအကြိုက် ဖြစ်နေသည့်အတွက် အထိန်းအကွပ်မဲ့ပေါက်ပွားနိုင်မည်။
- ပိုးအသစ်ကြောင့် ပိုးသတ်ဆေးအသစ် (သို့) ပိုးသတ်ဆေး ပိုသုံးရပါမည်။ ။
- တောင်သူများ ငွေပိုကုန်နိုင်သည်။ ဆေးဖျန်းရသောကြောင့် ပိုးသတ်ဆေးအန္တရာယ် ပိုတိုးလာမည်။
- ဓာတုဓာတ်ကြွင်းပြဿနာ ပိုတိုးလာမည်။
- စားသုံးသူများအတွက်လည်း အဆိပ်အတောက်ပိုများလာနိုင်မည်။
- သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပိုများလာမည်။
- ထွက်ကုန်သီးနှံအား ဈေးကွက်တွင် လက်မခံနိုင်ဖြစ်လာမည်။
- နိုင်ငံ့ထွက်ကုန်များ ဈေးနှိမ်ခံရပြီး နိုင်ငံတော် ဝင်ငွေကျဆင်းမည်။ ။
ဆက်စပ်ပြောဆိုရမည့် အကျိုးဆက်များအား ပြောပြရလျှင် အများကြီး ဖြစ်ပေတော့မည်။ Food chain ကြီးတစ်ခုလုံးကို သက်ရောက်စေခြင်းဖြစ်သည်။
နိုင်ငံတကာတွင် မိမိနိုင်ငံအတွင်းသို့ တင်သွင်းလာမည့် သီးနှံ၊ အပင်၊ မျိုးစေ့၊ မျိုးကိုင်းများအတွက် ဖျက်ပိုးအန္တရာယ်ဆန်းစစ်လေ့လာခြင်း (Pet Risk Analysis PRA) လုပ်ငန်းဆောင်ရွက်ပြီး သူတို့နိုင်ငံထဲမရှိသေးသည့် ဖျက်ပိုး (ပိုးမွှားရောဂါ)များ ဝင်ရောက်မှုကို တားဆီးနေကြပါသည်။ သူတို့နိုင်ငံရှိသီးနှံစိုက်ခင်းများ နှင့် အပင်ထွက်ပစ္စည်းများ ဖျက်ပိုးအသစ်ကြောင့် ဆုံးရှုံးမှုမရှိစေရန် ကြိုတင်ကာကွယ်နေကြပါသည်။
မြန်မာနိုင်ငံမှာတော့ ပိုးမွှားကင်းရှင်းကြောင်း အာမခံချက်မရှိဘဲ အဖွဲ့အစည်းမျိုးစုံမှ နည်းလမ်းမျိုးစုံ နှင့် ဝင်ရောက်လာသော သီးနှံ၊ မျိုးစေ့၊ အပင်အစိတ် အပိုင်းများနှင့်အတူ ပါလာသည့် ပိုးမွှားရောဂါမျိုးစုံကို ဓာတုပိုးသတ်ဆေးပေါင်းများစွာအတွက် ငွေအကုန်အကျ များစွာခံပြီး နှစ်ပေါင်းများစွာ နှိမ်နင်းနေကြရပါသည်။
ယနေ့ခေတ် Food Safety လုပ်ငန်းစတင် လုပ်ဆောင်သည့်အချိန်ရောက်မှ သီးနှံများတွင် ပိုးသတ် ဆေး ဓာတ်ကြွင်းများစွာပါဝင်ခြင်း၊ သဘာဝပတ်ဝန်း ကျင် ညစ်ညမ်းမှုများဖြစ်ပေါ်ခြင်း၊ ပိုးမွှားရောဂါများကို နှိမ်နင်းရာတွင် ပိုးသတ်ဆေးနှုန်းထားပိုဖျန်းရခြင်း၊ အကြိမ်ရေများစွာ ဖျန်းရခြင်း စသည့်အချက်များကို သတိထားမိလာကြတော့သည်။ ယခုမှ အကျိုးဆက်များကို သိရှိခံစားနေရခြင်းဖြစ်ပါသည်။ ။
Plant Quarantine လုပ်ငန်းကို လိုက်နာရမည်။ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် “အမျိုးသားရေး အသိနှင့် သတိရှိဖို့ရန်အချိန်တန်ပြီ” ဟု ပြောချင်ပါသည်။ Plant Quarantine မလုပ်ခဲ့ခြင်ကြောင့် ရောဂါပိုးမွှားတွေ ဝင်ရောက်ခဲ့သော သာဓကတွေ များစွာရှိခဲ့ပါပြီ။ Plant Quarantine ကို ဂရုစိုက်ကြပါရန်၊ သတိထားကြပါရန်။ ဥပေက္ခာပြုမထားပါရန်နှင့် သူ့ကိုမေ့ထားပါက ပထမဆုံးကျွန်တော်တို့၏ တောင်သူများ ပိုးသတ်ဆေးဖိုးကုန်ကျ စရိတ်များခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု မမှန်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ခြင်း၊ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ များလာပြီး စားသုံးသူများ အန္တရာယ် ဖြစ်လာခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ကြုံတွေ့ လာရနိုင်ပါသည်။ ။
ထို့ကြောင့် နိုင်ငံအတွင်းသို့ အပင်နှင့် အပင်ထွက် ပစ္စည်းများကို နည်းလမ်းတကျ တင်သွင်း၍ မှန်ကန် တိကျစွာစစ်ဆေးခံရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည်ပင်လျှင် Plant Quarantine လုပ်ငန်းကို ကနဦး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ မျက်မြင်စစ်ဆေး၍ ချက်ချင်းအဖြေမထွက် နိုင်သည့် ရောဂါ ပိုးမွှားများအတွက် အပင်များအား ဓာတ်ခွဲခန်း ပို့စစ်ခြင်း (Lab Test) နှင့် ဗိုင်းရပ်စ်ရောဂါ ဟုသံသယရှိလျှင် ကိုဗစ်- ၁၉ ကဲ့သို့ နိုင်ငံခြားမှ ဝင်ရောက်လာသူများအား Facility Quarantine, Home Quarantine လုပ်သကဲ့သို့) Quarantine အရင်လုပ်၍ ရောဂါဟုတ်/မဟုတ် အတည်ပြုရန် ဓာတ်ခွဲခန်းပို့စစ်ဆေးရန်ဖြစ်ပါသည်။ နောင်တွင် နယ်ပယ်အသီးသီးမှ နားလည်၊ အားပေးထောက်ပံ့မှုများ၊ အကူအညီများ ပြည့်စုံလာလျှင် PEQ (Post Entry Quarantine) ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ နှင့် အတူပူးတွဲရှင်းပြရခြင်းမှာ ကွာရန် တင်းလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ (Quarantine SOP: Standard Operating Procedure) များသည် အတူတူ ပင်ဖြစ်ပါသည်။
အချုပ်အနေနှင့် တင်ပြလိုသည်မှာ-
၁။ ကိုဗစ်-၁၉ က ကိုယ်တိုင်မရွေ့နိုင်ပါ လူတွေ ရွေ့သောကြောင့် လူနဲ့အတူပါသွားပြီး ရောဂါပြန့်ခြင်း ဖြစ်ပါသည်။ အပင်နဲ့ပတ်သက်သည့် ပိုးမွှား၊ ရောဂါများသည်လည်း တင်သွင်းလာသော ပစ္စည်းများနှင့် အတူပါလာကြပြီး နိုင်ငံထဲတွင် ဝင်ရောက်ပေါက်ပွား ပျံ့နှံ့ဒုက္ခပေးကြခြင်းဖြစ်သည်။ ထို့ကြောင့် လူနှင့် ပစ္စည်းများကို တားဆီးတာမဟုတ်ဘဲ ၎င်းတို့နှင့် အတူပါလာနိုင်သော ရောဂါ၊ ပိုးမွှားများကိုသာ တားဆီးရန် လုပ်ဆောင်ခြင်းဖြစ်ပါသည်။
၂။ ကိုဗစ်-၁၉ ရောဂါ ဝင်လာသောကြောင့် နိုင်ငံများ စီးပွားပျက်ကြရပါသည်။ ထို့အတူ Quarantine Pest များ ဝင်ရောက်လာခဲ့လျှင်လည်း တောင်သူများနှင့် အတူ စိုက်ပျိုးရေးကို အားထားနေရသော မိမိတို့ နိုင်ငံအနေဖြင့် စီးပွားပျက်စေနိုင်ပါသည်။
၃။ စောင့်ကြည့်ကာလ Incubation period သည် လူ၊ တိရစ္ဆာန်၊ အပင်များ၏ ဗိုင်းရပ်စ်ရောဂါ အားလုံးတွင် သဘောတရားအတူတူပင်ဖြစ်ပါသည်။
၄။ ဝင်ရောက်လာပြီးနောက်ပိုင်း ထိန်းချုပ်ခြင်း (PEQ) လုပ်ဆောင်ချက်များသည်လည်း အတူတူ ပင်ဖြစ်ပါသည်။
ထို့ကြောင့် လူသားများ နိစ္စဓူဝ အသက်ရှင်သန် နိုင်ရေးအတွက်တိုက်ရိုက်သွယ်ဝိုက်အထောက်အကူပြု နေသော သက်ရှိအပင်များနှင့် သက်ဆိုင်သည့် Plant Quarantine ကဏ္ဍသည်လည်း လွန်စွာအရေးကြီး လျက်ရှိပါကြောင်းနှင့် Plant Quarantine လုပ်ငန်းစဉ်များနှင့် ပတ်သက်လာခဲ့လျှင် ယခုအချိန်မှစ၍ အားလုံးက (တစ်ဦး တစ်ယောက်ချင်းက) အသိစိတ် ရှိရှိနှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကို ဥပမာပြ၍ တိုက်တွန်းအပ်ပါသည်။ ။


