တာချီလိတ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၂၈)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ယနေ့နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု ရေပူစမ်းစံပြကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးလှိုင်က နှစ်သစ်မင်္ဂလာ ကြိုဆိုဂုဏ်ပြုအမှာစကား ပြောကြားကာ လားဟူတိုင်းရင်းသားများကိုယ်စား ကျေးရွာ ရပ်မိ၊ ရပ်ဖ ဦးမြင့်ဦးက နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လားဟူတိုင်းရင်းသား မောင်မယ်၊ လူငယ်များက သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ရိုးရာလက်ဆေးမင်္ဂလာခံယူကာ လားဟူတိုင်းရင်းသား မောင်မယ်လူငယ်များက ရိုးရာမြေဝိုင်းအက၊ ခေတ်ပေါ်အဆိုအက၊ ဘူးပလွေမြေဝိုင်းအကများဖြင့် ကပြဖျော်ဖြေကာ နှစ်သစ်ကို ကြိုဆိုကြသည်။
တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့
အဆိုပါ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များကို လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)


