စစ်တွေ ၁၁ မတ်
ယိုးတရုတ်ရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်စဉ်အတွင်း AA သောင်းကျန်းသူအဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်(၉)ဦး ၏ မိသားစုများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက် ၈ နာရီခွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် မြို့မရဲစခန်း၌ တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မိမိတို့အနေဖြင့် လတ်တလော ပံ့ပိုး ကူညီရမည့် အပိုင်းများကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးကိစ္စများကိုလည်း ဆက်လက်၍ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်(၉)ဦး၏ မိသားစု တစ်စုချင်းစီအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၃ သိန်း၊ ဆန် ၁ အိတ်နှင့် မိသားစုသုံးပစ္စည်းများကို မိသားစုဝင်များထံ ပေးအပ်သည်။
ယင်းနောက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်(၉)ဦး၏ မိသားစုတစ်စုချင်းစီအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် (၁၀)သိန်းစီကို မိသားစုဝင်များထံ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာဝန်ထမ်းဆောင်စဉ် အတွင်းကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်(၉)ဦး၏ မိသားစုများအား အားပေးစကားပြောကြားကြသည်။
သတင်း၊ ဓာတ်ပုံ- မျိုးသူဟိန်း၊ နေဝင်းထွန်း


