တောင်ကြီး ၈ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံကြီးရပ်ကွက် တောင်ကြီး-ဟိုပုံးသွားလမ်းဘေး TBG စက်သုံးဆီဆိုင်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပီပါအလုံး ၂၀ အား ဆီဖြည့်သွင်းစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆီဆိုင်၏ နောက်ဘက်ရှိ ပေ(၆၀x၄၀) ဆီသိုလှောင်ကန်အတွင်းရှိ အောက်တိန်း (၃၂၀ဝ)ဂါလန်ဆံ့ ဆီလှောင်ကန်တွင် ဦးတီးတီး (၅၈)နှစ်၊ ကံချွန် (၁၉)နှစ်၊ ညီပု (၂၃)နှစ်တို့သည် Kubota ပန့်ပါစက်ဖြင့် SHN CANTER အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်ရှိ ဂါလန်(၅၀)ဆံ့ ပီပါအလုံး ၂၀ အား ဆီဖြည့်သွင်းစဉ် ဆီပီပါ ပြည့်လုနီးအချိန်၌ ဆီပီပါအတွင်းရှိ အပူရှိန်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဦးတီးတီး၏ ဝမ်းဗိုက်တွင် အရေပြားမီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အောက်တိန်း(၁၀)ဂါလန်နှင့် (၅)ပေခန့် ရော်ဘာဆီပိုက်(၂)ချောင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်၊ တောင်ကြီးခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၅)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၀)ဦးတို့နှင့် ဆိုင်မှ အလုပ်သမားများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ၉ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


