တောင်ကြီး အောက်တိုဘာ ၂၉

 

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနား ကျင်းပရာ အဝေရာမီးပုံးပျံကွင်းတွင် ဒေသခံအဆိုတော်များက ခေတ်ပေါ်တေးဂီတ တီးဝိုင်းဖြင့် ရှမ်းရိုးမကအိုးစည်သံ၊ မြေပြန့်သူလေး နောင်းပိန်နောင်း၊ ရိုးရာမပျက်တဲ့မြေ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ၂၀၂၅ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကျင်းပရေး ကော်မတီနာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော် ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင် လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ်မီးပုံးပျံညမီးကြီး ၄၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇ လုံး မီးပုံးပျံပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က တန်ဆောင်တိုင် ပွဲတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး စိန်နားပန် မီးပုံးပျံတစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသား တိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား ကျောင်းသူ ၉၀၀ က မီးပုံးပျံအသေး ၃၀၀ လွှတ်တင်ပေးကာ မီးရှူး၊ မီးပန်းပစ်ဖောက် ပေးကြပြီး အဆိုတော် ဟိန်းကိုနှင့် အာကာဟိန်းတို့က “လှမ်းခဲ့ပါချယ်ရီမြေနှင့် မင်္ဂလာပါမိုင်ဆုန်ခ သီချင်းဖြင့် ဖျော်ဖြေ၍ တိုင်းရင်းသား ယဉ်ကျေးမှုအက အဖွဲ့နှင့် ပညာရေး ဒီဂရီကောလိပ်အက အဖွဲ့တို့က တူညီအကဖြင့် တင်ဆက်ဖျော်ဖြေပေးကြပြီး ခေတ်ပေါ်တေးဂီတ တီးဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

အဆိုပါ ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် ညမီးကြီး ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး၊ စိန်နားပန် ၁၈ ပေ ၃၇ လုံး စုစုပေါင်းအလုံး ၈၀၊ နေ့လွှတ်အရုပ်မီးပုံးပျံ အရုပ်ခြေနှစ်ချောင်း ၁၉၃ လုံး၊ အရုပ်ခြေလေးချောင်း ၉၃ လုံး၊ အရုပ်အုပ်စု ၇၅ လုံး စုစုပေါင်း ၃၆၁ လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံကို နေ့ရက်အလိုက် ည ၆ နာရီမှ ပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ပြီး နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေ့ရက်အလိုက် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)