တောင်ကြီး နိုဝင်ဘာ ၅

 

ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ စတင်ကျင်းပခဲ့ရာ တန်ဆောင်မုန်းလပြည့်နေ့(ည)တွင် မြို့လုံးကျွတ် ရိုးရာမီးပဒေသာအလှ လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှည့်လည်ပူဇော်ပွဲ မကျင်းပမီ တောင်ကြီးမြို့ရှိ ရပ်ကွက်များ၊ အနီးပတ်ဝန်းကျင် မြို့/ရွာများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် လူမှုရေးအသင်းအဖွဲ့များက ရိုးရာမီးပဒေသာပင်များနှင့်တကွ သတ်မှတ်စုရပ် နေရာဖြစ်သည့် ပြည်နယ်အားကစားကွင်း၌ စုပေါင်းရောက်ရှိခဲ့ကြပြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာအလှများ လှည့်လည် ပူဇော်ခြင်းကို စတင်ကျင်းပခဲ့ကြသည်။

 

လှည့်လည်ပူဇော်

ထိုသို့လှည့်လည်ပူဇော်ရာတွင် မြန်မာ့ရိုးရာ ဆိုင်းဝိုင်း(ဗြော)အတီး၊ အဆို၊ အကအဖွဲ့၊ ဝင်းအဖွဲ့၊ မြန်မာ၊ ရှမ်း၊ ပအိုဝ်းအစရှိသည့် လှပျိုဖြူများအကအဖွဲ့၊ ရှမ်း/ပအိုဝ်းအိုးစည်ဗုံမောင်း အဖွဲ့များနှင့် ကိန္နရီ ကိန္နရာအကအဖွဲ့များနှင့် တောင်ကြီးမြို့နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများရိုးရာအကအဖွဲ့တို့ ဦးဆောင်ကာ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ မီးပွိုင့်လမ်းဆုံ လမ်းမကြီးအတိုင်းမှ စတင်စီတန်း လှည့်လည်ပူဇော်လာခဲ့ကြပြီးနောက် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ် ကုန်းတော်ပေါ်အထိ မီးပဒေသာအလှအပမျိုးစုံ၊ တိုင်းရင်းသားရိုးရာအကပေါင်းစုံ တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်စုပေါင်း လှည့်လည် ပူဇော်မှုပြုခဲ့ကြသည်။

 

မြန်မာမက၊ ကမ္ဘာကပါ အံ့သြရသည့် ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရာတွင် မြို့လုံးကျွတ် ရိုးရာမီးပဒေသာ စုပေါင်းလှည့်လည် ပူဇော်ခြင်းကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ထည့်သွင်းဆင်ယင် ကျင်းပမြဲဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)