ဆိုးလ် ဩဂုတ် ၁၄
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ဩဂုတ် ၂၃ ရက်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် သမ္မတ တာဝန်စတင် ထမ်းဆောင်ပြီးနောက် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့က သြဂုတ် ၂၃ ရက်တွင် တိုကျိုမြို့တော်၌ တွေ့ဆုံကာ နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်များက ပြောသည်။
ဂျပန်ဝန်ကြီးချုပ် အီရှီဘာက သမ္မတ လီဂျေမြောင်နှင့် ယုံကြည်ခိုင်မာမှုရှိသော ဆက်ဆံရေးကို တည်ဆောက်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခြင်းဖြင့် နီးကပ်သောဆက်ဆံရေးကို မြှင့်တင်ရန် ထပ်လောင်းအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေး နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့် ပြည်သူအချင်းချင်းဖလှယ်ရေးမှအစပြု၍ နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်ဝန်ကြီးချုပ် အီရှီဘာက မျှော်မှန်းထားကြောင်း သိရ သည်။
ခေါင်းဆောင်နှစ်ဦးက အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲလုပ်ဆောင်ပြီး သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အခိုင်အမာမျှော်လင့်ထားသည်။
ဇွန်လတွင် ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်တို့သည် ကနေဒါနိုင်ငံ၌ ကျင်းပသည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီ ၇) ထိပ်သီးအစည်းအဝေး၏ ပြင်ပအစည်းအဝေးတွင် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


