တောင်ငူ အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မဟာမုနိကေလဇာတီ စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၂၆ ရက် က ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်အပ်ချည်များကို ယူဆောင်၍ စေတီတော်ရင်ပြင်တွင် ပက်ဖျန်း ချည်နှောင်ပြီး ဆရာတော် အရှင်မြတ်များထံ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော် များကို ဆက်ကပ်၍ ယာယီ စံကျောင်းမှ ပန်းရထားဖြင့် ပင့်ဆောင်မည့် မင်္ဂလာမဏ္ဍပ်သို့ စေတီတော်ကို လက်ယာရစ် တစ်ပတ်ပတ်ပြီး ပင့်ဆောင်သည်။
ထို့နောက် ခုနစ်ရက်သားသမီး အလှူရှင်များက သတ်မှတ်နေရာ အသီးသီးတွင်နေရာယူ၍ ထီးတော်၊ ဘုံအဆင့်များ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို ပန်းရထားဖြင့် အစီအစဉ်အတိုင်း တင်လှူ ပူဇော်ပြီး ဆရာတော်အရှင်မြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကာ နတ်၊ ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်သည်။
တက်ရောက်
အခမ်းအနားသို့ တောင်ငူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံကျော် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းသား ဟိန်းဝေယံ၊ မင်းသမီး အကယ်ဒမီ စိုးပြည့်သဇင်နှင့် ခုနစ်ရက် သားသမီးအလှူရှင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)


