တောင်တွင်းကြီး ၁၀ မတ်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ အဝီစိစက်ရေတွင်းတူးဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကံကြီးကုန်းကျေးရွာသည် ယခင်က ကျေးရွာပိုင် စက်ရေတွင်းတစ်တွင်း ရှိသော်လည်း နွေရာသီတွင် သောက်သုံးရေ လုံလောက်စွာ မရရှိသဖြင့် ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်း၍ ခွင့်ပြုငွေ ကျပ်သန်း ၂၀ ဒသမ ၃၇၉ သန်းဖြင့် တွင်းအကျယ် ၆ လက်မ၊ အနက်ပေ ၈၀ဝ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလံ ၂၄၀ဝ ဆံ့ တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများက ကျေးရွာရေပေးရေး ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့်အတူ လက်ရှိရေသုံးစွဲနေမှု အခြေအနေများ၊ စက်ရေတွင်း တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စက်ရေတွင်းတူးတာဝန်ခံ ဦးမောင်ကျော်မှ စက်ရေတွင်း တူးဖော်ပြီးစီး၍ တွင်းဆေးလေမှုတ်ခြင်း ဆောင်ရွက်လျက်ရှိရာ တစ်နာရီလျှင် ရေဂါလံ ၃၀ဝ၀ ခန့်ထွက်ရှိကြောင်း၊ စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း အမြန်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေရရှိရေးအတွက် ကံကြီးကုန်းကျေးရွာ အပါအဝင် ကျေးရွာ(၁၀)ရွာ၌ စက်ရေတွင်း (၁၀)တွင်း တူးဖော်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် (၁၀)ခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ (၁၀)ခုကို ငွေကျပ် ၂၇၆ ဒသမ ဝ၇၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်း ပြောပြချက်အရ သိရသည်။
“ကျနော်တို့ ကျေးရွာဟာဆိုရင် အရင်က စက်ရေတွင်းတစ်တွင်း ရှိသော်လည်း အိမ်ခြေ (၂၀ဝ)ကျော်ရှိတဲ့အတွက် နွေရာသီဆိုရင် သောက်သုံးရေ လုံလုံလောက်လောက် မရရှိပါဘူး၊ အခုစက်ရေတွင်း တူးဖော်ပေးတော့ သောက်သုံးရေအတွက် စိတ်အေးရတာပေါ့။ ကျနော်တို့ကျေးရွာ အနေနဲ့တော့ အိမ်တိုင်ရာရောက် ရေရရှိအောင် ဆက်လက်ဆောင်ရွက် သွားမှာပါလို့” ကံကြီးကုန်းကျေးရွာနေ ဦးကျော်မြင့်ဌေးက ပြောပြသည်။
သန်းလွင်(မကွေး)


