၁၉ ဖေဖော်ဝါရီ


တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝ အပင်များကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးအတွက် တိုင်းဒေသကြီးအဆင့်ကိုလည်း ခရိုင်၊ မြို့နယ်များအထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြောသည်။ 


အခုလ ၁၈ ရက်က ကျင်းပပြုလုပ်သည့် တောရိုင်း တိရိစ္ဆာန်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု လျော့ချရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။ 


"အစိုးရအဖွဲ့ အနေဖြင့် တောရိုင်းတိရစ္ဆာန်များနှင့်သဘာဝ အပင်များကို တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများ၊ ရောင်းချနေမှုများ၊ မွေးမြူ စုဆောင်းနေမှုများနှင့် တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများကို နိုင်ငံအဆင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသကဲ့သို့ တိုင်းဒေသကြီးအဆင့်ကိုလည်း ခရိုင်၊ မြို့နယ်များအထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါသည်'' ဟု မန္တလေးတိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေကပြောသည်။ 


ကမ္ဘာပေါ်တွင်  မူးယစ်ဆေးဝါး၊ လက်နက်၊ လူကုန်ကူးမှုတို့ပြီးရင် တောရိုင်းတိရစ္ဆာန်နှင့်  ယင်းတို့ရဲ့ စိတ်အပိုင်းတွေကို မှောင်ခိုကူးသန်းမှုသည် အများဆုံးသော တရားမဝင် ကူးသန်းရောင်းဝယ်နေကြောင်း သိရသည်။ 


ကမ္ဘာလုံးဆိုင်ရာ ငွေကြေး လည်ပတ်မှု အနေဖြင့် တောရိုင်းတိရစ္ဆာန်နှင့်  ယင်းတို့ရဲ့ စိတ်အပိုင်းတွေကို မှောင်ခိုကူးသန်းမှုသည်  နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ခန့်ထိရှိကြောင်း INTERPO ထုတ်ပြန်ချက်တွင် ပါရှိကြောင်း သိရသည်။ တည်ဆဲဥပဒေဖြစ်တဲ့ မျိုးကွဲနှင့် သဘာဝ နယ်မြေများ ကာကွယ်စောင့်ရှောက်ရေးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ်တွင် အသစ်ပြန်လည် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့တဲ့ ဥပဒေအရ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းကို သတ်မှတ် ထုတ်ပြန်ထားသည်။ 


ယခုလို  တရားမဝင် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းတွင် ပါဝင်နေသည့် လမ်းကြောင်းတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း သိရသည်။  တောရိုင်းတိရစ္ဆာန်တွေနဲ့ အစိတ်အပိုင်းတွေကို ကူးသန်းရောင်းဝယ်နေမှုကို မြန်မာနိုင်ငံ အတွင်းမှာ သစ်တောဦးစီးဌာနနဲ့ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး ဖမ်းဆီးအရေးယူမှုတွေ၊ အသိပညာပေး ဟောပြောခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေသလို နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ 


မြန်မာနိုင်ငံတွင်  တောရိုင်းတိရစ္ဆာန်တွေနဲ့ အစိတ်အပိုင်းတွေကို တရားမဝင် ကူးသန်းရောင်းဝယ်မှု အများဆုံးနှင့်  နယ်စပ်ဖြတ်ကျော် ဆောင်ရွက်မှုအများဆုံးဖြစ်တဲ့ မန္တလေး-မူဆယ် ကားလမ်းကြောင်းကို ဦးစားပေးနေရာအဖြစ် ရွေးချယ်ပြီး တရားမဝင်ကူးသန်း ရောင်းဝယ်မှု အခြေအနေများကို လေ့လာ ဆန်းစစ်ခြင်း၊ နယ်မြေအလိုက် ပညာပေး လှုံဆော်စည်းရုံးမှုများ ဆောင်ရွက်ခြင်း၊ စစ်ဆေးရေးဂိတ်များမှာ တာဝန်ကျတဲ့ သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ တရားမဝင် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များကို သင်တန်းများပို့ချပေးခြင်းနှင့် ပူးပေါင်းရှာဖွေ ဖမ်းဆီးရေးများ ဆောင်ရွက်ခြင်းတို့ကို စီမံချက်၊ စီမံကိန်းတစ်ခုအသွင် ဆောင်ရွက်နေသည်ဟု ဆိုသည်။ 


အိမို့မို့ခိုင်