၂၄  မတ်

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရွံ့မှုများဖြစ်ပွားနေတဲ့အချိန်မှာ ကနေဒါနိုင်ငံက တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကလည်း နှောင့်နှေးကြန့်ကြာမှုများ ရှိလာနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ထို့အတူပဲ နိုင်ငံတကာအိုလံပစ်ကော်မတီကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ လာမည့်ရက်သတ္တပတ်အတွင်းမှာ ထွက်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။

ရွှေ့ဆိုင်းဖို့စဉ်းစား

ဩစတြေးလျနိုင်ငံက သူ့ရဲ့ အားကစားသမားတွေကို လာမယ့် ၂၀၂၁ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပြောကြားလိုက်ပါတယ်။ တိုကျို အိုလံပစ်အားကစားပြိုင်ပွဲတွေဟာ ပုံမှန် အားဖြင့်တော့ ဇူလိုင် ၂၁ ရက်မှာ စတင်ဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။ သို့သော်လည်းပဲ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက အတိုင်းအဆမရှိပျံ့နှံ့နေတော့ အခုကျင်းပမယ့် တိုကျိုအိုလံပစ်အားကစား ပြိုင်ပွဲကို ရွှေ့ဆိုင်းမယ့်သဘော တွေ့နေရပါတယ်။ ။

ဂျပန်အာဏာပိုင်တွေနဲ့ အိုလံပစ်အာဏာပိုင်တွေကတော့ နွေရာသီ အားကစားပွဲတွေကို သတ်မှတ်ရက်မတိုင်မီမှာ ကျင်းပဖို့ မဆုတ်မနစ်ကြိုးစား နေကြပါတယ်။ သို့သော်လည်း အားကစားသမားများနဲ့ အားကစားအဖွဲ့အစည်း များကထွက်လာတဲ့ ဝေဖန်မှုတွေကလည်း မကြာသေးမီရက်များအတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံဟာ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကြီးကို ပြီးဆုံးအောင် ဆောင်ရွက်မယ်လို့ ရည်မှန်းချက်ထားကြောင်း၊ သို့သော်လည်း တကယ်လို့ အခြေအနေတွေဆိုးရွားလာခဲ့ပါက ရွှေ့ဆိုင်းဖို့လည်း စဉ်းစားထားကြောင်း ပြောကြားလိုက်ပါတယ်။

လေ့ကျင့်မှုတွေမဖြစ်နိုင်

ပြိုင်ပွဲများ မကျင်းပဘဲ ရွှေ့ဆိုင်းခြင်းဟာ ဒုတိယအရေးအကြီးဆုံး အလျှော့ပေးလိုက်လျောချက် ဖြစ်လာနိုင်ကြောင်းနဲ့ ဒါကိုလည်း ရွေးချယ်မှုများထဲက တစ်ခုဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီက ပြောပါတယ်။ အိုလံပစ်ကော်မတီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ ရက်သတ္တ လေးပတ်အတွင်း ထွက်ရှိလာမှာဖြစ်ပါတယ်။ ။

လူသားတွေရဲ့ ဘ၀ဟာ အားကစားပြိုင်ပွဲများကျင်းပခြင်းအပါအဝင် အရာအားလုံးထက် ဦးစားပေးရမယ့်သဘောဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘာ့ချ်က အားကစားသမားများထံ ပေးပို့သော အိတ်ဖွင့်ပေးစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တားမြစ်ကန့်သတ်မှုတွေ ပြုလုပ်ပြီး | နောက်ပိုင်းမှာ အားကစားသမားတွေနဲ့ အားကစားအဖွဲ့ အစည်းတွေရဲ့ ဝေဖန်မှုတွေကလည်း မြင့်တက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပြိုင်ပွဲအစီ အစဉ်တွေပျက်ပြီး လေ့ကျင့်မှုတွေလည်း မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထွက်ပေါ်လာ

ကနေဒါဟာ ဒီကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကျယ်ပြန့်တဲ့အသိုက်အဝန်းတွေအထိ ထူးခြားစွာ သတိပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲတွေဆီကနေ နှုတ်ဆက်ထွက်ခွာသွားတဲ့ ပထမဆုံးနိုင်ငံဖြစ်လို့ပါပဲ။ ပြီးတော့လည်း ဒီအိုလံပစ်အားကစားပြိုင်ပွဲကိုနောက်နှစ်အထိ ရွှေ့ဆိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စဟာ အားကစားသမားတွေရဲ့ ကျန်းမာရေးတစ်ခုတည်းအတွက် သာမဟုတ်ပါဘူး။ ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် ဖြစ်ပါတယ်လို့ ကနေဒါအိုလံပစ် ကော်မတီက ပြောပါတယ်။

ကိုဗစ်-၁၉အန္တရာယ်နဲ့ ဆက်စပ်ကျန်းမာရေးအန္တရာယ်များက ကျွန်တော်တို့ အားကစားသမားတွေရဲ့ အသက် အန္တရာယ်လုံခြုံရေးကို ထိခိုက်စေပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် အားကစားသမားတွေအတွက် မလုံခြုံ ပါဘူး။ ထို့အတူပဲ သူတို့မိသားစုရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရရေးအတွက်လည်း အန္တရာယ် ရှိလာနိုင်ပါတယ်။ ကနေဒါအားကစားသမားအများစုကတော့ ဒီပွဲကို ပါဝင်ဆင်နွှဲဖို့ လေ့ကျင့်မှုတွေ ဆက်လုပ်နေပါတယ်။

ကမ္ဘာတစ်ဝန်းကျန်းမာရေးအခြေအနေနဲ့ အိုလံပစ်အားကစားပွဲတော်အပေါ် အကျိုးသက်ရောက်နိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အိုလံပစ်ကော်မတီက ရွှေ့ဆိုင်းမှုအပါအဝင်အသေးစိတ်ညှိနှိုင်းမယ်လို့ သတိပေးနေတဲ့ ကြားက ကနေဒါနိုင်ငံက ဒီပွဲက ထွက်ခွာသွားပြီဖြစ်ပါတယ်။ အိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်က နောက်ထပ် ရက်သတ္တလေးပတ်အတွင်းမှာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ဖိအားတွေနဲ့ ရင်ဆိုင်

နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာမယ့်အချိန်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများလည်း ရှိနေပါတယ်။ ဗြိတိန် ကမ္ဘာ့မီတာ ၂၀၀ ချန်ပီယံ ဒိုင်နာအာရှရာစမစ်ကတော့ ဒီလိုမျိုး နောက်ကျမှ ထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သိပ်အဆင်မပြေဘူးလို့ ပြောပါတယ်။ စောင့်ရဦးမယ်လို့ ပြောလိုက်တာကြောင့် အားကစားသမားတွေဟာ နောက်ထပ် ရက်သတ္တလေးပတ်လောက် လေ့ကျင့်မှုမှာ အဆင်ပြေဖို့ နည်းလမ်းတွေ ရှာရဦးမယ်။ အားကစားသမားတွေ၊ နည်းပြတွေ၊ ထောက်ပံ့ပေးနေသူတွေနဲ့ အားကစားချစ်မြတ်နိုးသူတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် ရက်ရွှေ့ဆိုင်းဖို့လုပ်ရ မှာပဲလို့ သူက ဆက်လက်ပြောလိုက် ပါတယ်။

ဒီလိုမျိုးနောက်ကျတဲ့ဆုံးဖြတ်ချက်ကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်လို့လည်း အာရှာစမစ်က ဆက်လက်ပြောကြားလိုက်ပါတယ်။ မိမိ အနေနဲ့ကတော့ သူတို့တွေ တိုကျိုအိုလံပစ်ပွဲတော်ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းဖို့ ကြေညာသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီဟာတိုကျိုအိုလံပစ်ဂိမ်းတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အဓိကတာဝန်ရှိနေပါတယ်။ ထို့အတူပဲနိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

စိန်ခေါ်မှုတွေဖြစ်စေ

ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၈၆ နိုင်ငံအထိ ပျံ့နှံ့လျက်ရှိ ပြီး လူပေါင်း ၂၉၄၁၁၀ အထိ ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေမှာလည်း ၁၂၉၄၄ ဦးအထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ တိုကျိုအို လံပစ်အားကစားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းဖို့ဆိုတာ အတော်ကို ရှုပ်ထွေးလှပါတယ်။ ကျင်းပဖို့နေရာအခက်အခဲ၊ များစွာသော ဟိုတယ်တွေဟာလည်း ညဘက်ကို ကြိုတင်မှာယူထားတာတွေရှိနေသလို နိုင်ငံတကာအားကစားပြိုင်ပွဲရက်တွေဟာလည်း ကျပ်နေတာတွေကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဩစတြေးလျအိုလံပစ်တာဝန်ရှိသူတွေကတော့ ဒါကရှင်းပါတယ်၊ တိုကျိုအားကစား ပြိုင်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ရှေ့တိုးကျင်းပလို့လည်း မရတော့ဘူးဆိုတော့ အားကစားသမားတွေကို နောက် တစ်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပြောလိုက်သင့်တယ်လို့ ပြောပါတယ်။

မိမိတို့ရဲ့ အားကစားသမားတွေအနေနဲ့ လေ့ကျင့်မှုနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့အခါမှာ အပြုသဘောဆောင်တဲ့စိတ်နဲ့ လုပ်ဆောင်လျက် ရှိပါတယ်။ သို့သော်လည်း ဖိအားများနဲ့ မသေချာမှုတွေက သူတို့အတွက် စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်လို့ ဩစတြေးလျအိုလံပစ်တာဝန်ရှိသူ အီရန် ချက်စတာမင်းန်က ပြောပါတယ်။

ဆက်လက်စောင့်ကြည့်

အမေရိကန်ပြေးခုန်ပစ်ချန်ပီယံသူရဲကောင်း ကားလ်လူးဝစ်က တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ရွှေ့ဆိုင်းဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးကို ခြိမ်းခြောက်လျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တိုကျိုအိုလံပစ် အားကစားပွဲတော်ကိုလည်း ဆိုးကျိုးသက်ရောက်နိုင်စေပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေပြုလုပ် နေတာတောင် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း မီးရှူးတိုင်ထွန်းညှိရာသို့ လူပေါင်း ၅၀၀၀၀ ထက်မနည်း လာရောက်ခဲ့ကြပါသေးတယ်။

ဘယ်လိုပဲဆိုစေ အခုလိုကမ္ဘာတစ်ဝန်းလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကနေဒါနိုင်ငံအနေနဲ့ အိုလံပစ်အားကစား ပြိုင်ပွဲက ထွက်ခွာသွားတာဟာ တခြားအိုလံပစ် အားကစားပြိုင်ပွဲဝင်နိုင်ငံတွေကိုလည်း သတိပေးတပ်လှန့်သလို ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုပဲ ကျင်းပမယ်လို့ဆိုဆို နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကတော့ နောက်ထပ်ရက်သတ္တပတ်အနည်းငယ်မှ ထပ်မံထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျတော့ ဘာတွေဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ