ဂျပန် ၁၄ အောက်တိုဘာ
ဂျပန်နိုင်ငံမှာ တိုက်ခိုက်ခဲ့သော တိုင်ဖုန်း ဟာဂီးဘီးစ်ကြောင့် သေဆုံးသူ ၅၃ ဦးထိ ရှိလာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဒီကနေ့ (တနင်္လာနေ့) မှာ ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၆ ဦး ပျောက်ဆုံးနေပြီး လူ ၁၀ဝ နီးပါး ဒဏ်ရာရရှိကြောင်း ကျိုဒိုသတင်းဌာနရဲ့ နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။
မုန်တိုင်းဒဏ် ခံစားရတဲ့သူတွေအတွက် ထောက်ပံ့ရေးကို အလျင်အမြန် လုပ်ဆောင်သွားမှာဖြစ်ပြီး ယာယီနေထိုင်ရေး စခန်းတွေကိုလည်း အလျင်အမြန် တည်ဆောက်သွားမယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။
ခရိုင် ၁၇ ခုမှ လူဦးရေ ၃၈၀ဝဝ ကို ဒီကနေ့ နေလည်ပိုင်းက ကယ်ဆယ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးမှာ အိမ်ခြေ ၃၄၀ဝ လုံး ရေနစ်မြှုပ်ကြောင်း မီးသတ်နဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဂျပန် ဝန်ကြီးချုပ်က လျှပ်စစ်မီးနဲ့ ရေပေးဝေရေးကို အမြန်ဆုံး ပြန်လည်ရရှိအောင် ဆောင်ရွက်ဖို့ သူ့ဝန်ကြီးအဖွဲ့ကို ပြောကြားထားကြောင်း သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးက သူ့ရဲ့ အရာရှိတွေကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးမှာ အကောင်းဆုံး လုပ်ဆောင်ရန် အမိန့်ပေးထားပါတယ်။ တိုင်ဖုန်းမုန်တိုင်းကြောင့် နာဂိုယာ၊ ဖူကူရှီးမား၊ အီဘာရာကီနဲ့ တခြား ခရိုင် ၃ ခုရှိ မြစ်ပေါင်း ၃၅ ခု ရေလျှံခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - kyodonews


